အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က မြေအောက်ဒုံးကျည်စက်ရုံအသစ်ကို ထုတ်ဖော်ပြသ

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က မြေအောက်ဒုံးကျည်စက်ရုံအသစ်ကို ထုတ်ဖော်ပြသ
Published 2 February 2025

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် မြေအောက် ဒုံးကျည်စက်ရုံအသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး နိုင်ငံပိုင်ရုပ်သံက ဖေဖော်ဝါရီ ၁ ရက်တွင် ရုပ်သံမှတ်တမ်းများ ထုတ်ပြန်ခဲ့သည်။

အီရန်သည် မြေအောက်ရေတပ် စခန်းတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် နောက်ထပ် မြေအောက် ဒုံးကျည်စက်ရုံကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

“ရန်သူတွေရဲ့ ဖျက်သင်္ဘောတွေက အီလက်ထရောနစ် စစ်ဆင်ရေးတွေကို  တန်ပြန်နိုင်စွမ်းရှိတဲ့ ရာနဲ့ချီတဲ့ ခရုစ်ဒုံးကျည်တွေကို အခုလိုမျိုး မြေအောက်စခန်းတွေမှာ သိမ်းဆည်းထားပါတယ်”ဟု နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။

“ဒီစနစ်တွေဟာ မြေအောက်ဘက် မီတာရာနဲ့ချီပြီး နက်တဲ့နေရာတွေမှာ သိမ်းဆည်းထားတာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်”ဟု နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့ပြီး ထိုစခန်း၏ တည်နေရာ အတိအ ကျကိုမူ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟော့စိန်ဆလာမီသည် ထိုမြေအောက် ရေတပ်စခန်းသို့ ရေတပ်ဗိုလ်ချုပ်ကြီး အလီရီဇာ တန်ဆီရီနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။

Ghadr- 380 အမည်ရှိ ခရုစ်ဒုံးကျည် အသစ်သည် အီလက်ထရောနစ် လှိုင်းများကို တုံ့ပြန်နိုင်စွမ်းရှိပြီး ကီလိုမီတာ ၁၀၀၀ (မိုင် ၆၀၀ )ကျော် ပျံသန်းနိုင်ကြောင်း တန်ဆီရီက ပြောကြားခဲ့သည်။

ထိုဒုံးကျည်သည် ရန်သူများ၏ သင်္ဘောများအတွက် ငရဲကို ဖန်တီးပေးလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၁၈ ရက်ကလည်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ရေတပ်က ဒုံးပစ် လောင်ချာများ တပ်ဆင်ထားသည့် ဒါဇင်နှင့်ချီရှိသည့် တိုက်ခိုက်ရေး သင်္ဘောများကို ထားရှိသည့် မြေအောက်စခန်းတစ်ခုကို နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သည်။

ထိုမြေအောက် ရေတပ်စခန်းသည် မည်သည့်နေရာတွင် တည်ရှိသည်ဆိုခြင်းကိုမူ အ သေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ထိုရေတပ်စခန်းသည် အီရန်၏ မဟာဗျူဟာမြောက် တောင်ပိုင်းရေပြင်များဖြစ်သည့် ပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တို့ကို အဓိက အာရုံစိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင်ခဲ့သည်။

တိုက်ခိုက်ရေး စစ်သင်္ဘောများကို ထားရှိသည့် ထိုအဆောက်အအုံသည် အီရန်၏ တောင်ပိုင်းရေပြင်များတွင် မြေအောက်အနက် မီတာ ၅၀၀ (ပေ ၁၆၅၀)တွင် တည်ဆောက်ထားကြောင်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။

ယခုထုတ်ဖော် ပြသခဲ့သည့် ရေတပ်စခန်းတွင် သိမ်းဆည်းထားသည့် သင်္ဘောအချို့သည် အမေရိကန် စစ်သင်္ဘောများနှင့် ဖျက်သင်္ဘောများကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်းရှိကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံက ဖော်ပြ ခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်ကလည်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့သည်  လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent