ဒီဇင်ဘာလက ပျက်ကျခဲ့သော Jeju လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း၏ အင်ဂျင်များအတွင်း ငှက်မွေးများနှင့်သွေးစ သွေးနများ တွေ့ရှိခဲ့ကြောင်း ကနဦးစုံစမ်းစစ် ဆေးချက်ကို ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်က ထိုင်းနိုင်ငံမှ တောင်ကိုရီးယားကို ပျံသန်းလာသည့် လူ၁၈၁ ဦး လိုက်ပါလာသော Boeing 737 -8 A S လေယာဉ်သည် မူအမ်းလေဆိပ်ပြေးလမ်းတွင် ဆင်းသက်နေချိန် လမ်းချော်ပြီး ခြံစည်းရိုးတံ တိုင်းကို ဝင်တိုက်ခဲ့ကာ မီးလောင်ခဲ့သည့်အတွက် အပျက်အစီးကြားမှ ကယ်ထုတ်ခဲ့သော လေယာဉ်မယ် နှစ်ဦးမှလွဲပြီး ကျန်လိုက်ပါ လာသူအားလုံး သေဆုံးခဲ့သည်။
ယင်းသည် တောင်ကိုရီးယား မြေပေါ်တွင် ကြုံတွေ့ခဲ့သော အဆိုးရွားဆုံးလေကြောင်း မတော်တဆမှု ဖြစ်စဉ်ဖြစ်သည်။
တောင်ကိုရီးယားနှင့် အမေရိကန် စုံစမ်းစစ်ဆေးသူများက ယင်းမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ငှက်တစ်ကောင်ကို ဝင်တိုက်မှုနှင့် အဆင်းဂီယာ ပြဿနာဖြစ်ပြီး ပြေးလမ်း အတားအဆီးသည် ဖြစ်နိုင်ခြေရှိသည့် ပြဿနာများဖြစ်ကြောင်း ယူဆထားသည်။
ပျက်ကျသည့် နေရာတွင် ပြန်လည်တွေ့ရှိခဲ့သော အင်ဂျင်နှစ်လုံးကို စစ်ဆေးရာတွင် တစ်လုံးစီ၌ ငှက်များ၏ သွေးစသွေးနများနှင့် ငှက်မွေးများကို တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လေယာဉ်မှူးတွေရဲ့ ပြောကြားချက်အရ သူတို့ပြေးလမ်း 0 1 နားရောက်လာချိန်မှာ ငှက်အုပ်တစ်အုပ်ကို တွေ့ရှိပြီး လုံခြုံရေးကင်မရာကနေ ရိုက်ကူးမိတဲ့ ဗီဒီယိုအရ လေယာဉ်ဟာ ငှက်အုပ်တစ်အုပ်နားကို တော်တော်လေး နီးကပ်မှုရှိခဲ့တာ တွေ့ရပါတယ်”ဟု အစီရင်ခံစာတွင် ဆိုသည်။
မတော်တဆမှု ဖြစ်ပွားသည့်အချိန်တွင် အင်ဂျင်များ ရပ်တန့်သွားခြင်းရှိ၊မရှိ တိတိကျကျ မသိရသေးပေ။
ဒီအန်အေ စမ်းစစ်ချက်အရ ယင်းငှက်မွေးများနှင့် ငှက်သွေးများသည် ဆောင်းရာသီကာလတွင် ဆိုက်ဘေးရီးယားရှိ ၎င်းတို့၏ မျိုးပွားရာနေရာမှ ကိုရီးယားသို့ ပျံသန်းလာသော ရွှေ့ပြောင်းနေထိုင်သည့် ဘဲများ၏ သွေးများနှင့်အမွှေးများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
လေကြောင်းထိန်းမျှော်စင်က လေယာဉ်ကို ဆင်းသက်ရန် လမ်းရှင်းလင်းကြောင်း ပြောကြားခဲ့ပြီးနောက် ဒေသစံတော်ချိန်နံနက် ၈ နာရီ ၅၈ မိနစ်အချိန်တွင် ငှက်များအားဝင် တိုက်နိုင်သည့် အန္တရာယ်ကို သတိပြုရန် လေယာဉ်မှူးများထံ အကြံပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဆိုသည်။ တစ်မိနစ်အကြာတွင် အသံနှင့်အချက် အလက်မှတ်တမ်းတင် စနစ်များ ချို့ယွင်းသွားခဲ့သည်။
မှတ်တမ်းတင် စနစ်များ ချို့ယွင်းခဲ့ပြီးနောက် စက္ကန့်အပိုင်းအကြာတွင် လေယာဉ်မှူးများက ငှက်တစ်ကောင်ကို တိုက်မိခဲ့ပြီး မြေပြင်တွင် ဆင်းသက်နိုင်ရန် ကြိုးပမ်းမှုအတွက် အကူအညီ လှမ်းတောင်းခဲ့သည်။
“လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ဆင်းဖို့ ထပ်မံကြိုးပမ်းချိန်မှာ ထိန်းချုပ်တာဝါက ငှက်အုပ်သတိပေးချက် ထုတ်ပြန်လိုက်ပြီး သုံးမိနစ်ခန့်အကြာမှာပဲ ဒီမတော်တဆမှု ဖြစ်သွားတာပါ။ မတော်တဆမှု မဖြစ်ခင် နှစ်မိနစ်အလိုမှာ လေယာဉ်မှူးက အကူအညီတောင်းခံတဲ့ သတင်းပေးပို့ချက် ထုတ်ပြန်ခဲ့ပါတယ်”ဟု ဒေသခံ မီးသတ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:AFP















