ရေး - ထားဝယ်ကားလမ်း မလွှဲတောင်တက်လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျခဲ့သည့်အတွက်ကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

ရေး - ထားဝယ်ကားလမ်း မလွှဲတောင်တက်လမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျခဲ့သည့်အတွက်ကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
Published 23 January 2025

ရေး - ထားဝယ်ကားလမ်း မလွှဲတောင်တက်လမ်းတွင် ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မော်တော်ယာဉ်တစ်စီးအရှိန်လွန်ကာ ပေ (၁၀၀) ကျော်အနက်ရှိ ချောက်ထဲထိုးကျခဲ့သည့်အတွက်ကြောင့် ခရီးသည် ငါးဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မင်းသားကျေးရွအုပ်စု၊ မော်ကြီးကျေးရွာမှ ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်မှာ ရေးမြို့ဘက်မှ ရေဖြူမြို့ဘက်သို့ မောင်းနှင်လာစဉ် မလွှဲတောင်အတက် (၁၄) မိုင်အကွေ့တွင် အရှိန်လွန်ပြီး ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့အခြေစိုက် အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကားပေါ်မှာက ရေဖြူမြို့နယ်ထဲက ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စတဲ့ ကျေးရွာတွေက ခရီးသည် (၁၀) ဦးလိုက်ပါလာတယ်လို့ သိရပါတယ်။ Gread – 11 တက်နေတဲ့ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၂) ဦးက တော့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ယာဉ်မောင်းအပါအဝင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီ (၂) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ယာဉ်မောင်းအမျိုးသားမှာ ဒဏ်ရာပြင်းထန်သည့်အတွက်ကြောင့် မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး၊ ကျန် လူနာ (၄) ဦးမှာ ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း ၎င်းကဆိုသည်။

“ထိခိုက်ဒဏ်ရာရရှိကြတဲ့သူတွေမှာက ဦးခေါင်းကွဲတာ၊ လက်ကျိုးတာ စတဲ့ဒဏ်ရာတွေရရှိခဲ့ကြပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် ချောက်ထဲထိုးကျမှုကြောင့် သေဆုံးခဲ့ကြသူများ နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရေးမြို့နယ်အခြေစိုက် ကြက်ခြေနီအသင်း နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ သွားရောက်ကူညီကယ်ဆယ်မှုများလုပ်ဆောင်ခဲ့ကြကြောင်း နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ယနေ့ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ရေးမြို့ရှိ သုဿာန်မှာပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent