ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦးမှာ ဇန်နဝါရီ ၂၂ ရက်က နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အသက် (၃၇) နှစ်အရွယ် ကိုစိုးနိုင်ဦးဆိုသူမှာ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ၎င်း၏နေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦး ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ကိုစိုးနိုင်ဦးမှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် နံနက် (၁၀) နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် စစ်ဆေးမှုများပြုလုပ်ကာ ကိုစိုးနိုင်ဦး၏ ရုပ်အလောင်းအား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၎င်းဒေသခံက ဆိုသည်။
ကိုစိုးနိုင်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာနေ အသက် (၅၁) နှစ်အရွယ် ဦးဆန်းမင်းအေးဆိုသူအား ကျိုက်ထိုမြို့လယ်ရှိ Parrot လက်ဖက်ရည်ဆိုင်တွင် လူငယ်တစ်ဦးမှ ဒလန်ဟုပြောဆိုကာ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။















