မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းမဘေးတွင် မိုင်းပေါက်ကွဲမှုကြောင့် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီအချိန်ခန့်က သထုံမြို့နယ် မိုးကောင်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်းမ မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြား ဗိုလ်ခမ်းကွင်းတံတားအနီးတွင် မိုင်းနှစ်လုံးပေါက်ကွဲမှုကြောင့် ရော်ဘာထင်းများတင်ဆောင်လာသည့် Foland အမျိုးအစားကုန်တင်ယာဉ်မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပေါက်ကွဲသံ နှစ်ကြိမ်ဆက်ကြားလိုက်ရတာ။ ပြီးတော့ ကားမှောက်တဲ့အသံကြားရတယ်။ နည်းနည်းငြိမ်သွားတော့မှ သွားကြည့်တော့ ရော်ဘာထင်းတွေတင်လာတဲ့ ခြောက်ဘီးကားက လမ်းဘေးကိုတိမ်းမှောက်နေတာမျိုးတွေ့ရတယ်။ ခြောက်ဘီးကားက သထုံဘက်ကနေ ဘီးလင်းမြို့ဘက်ကို မောင်းနှင်နေတဲ့အချိန်မှာ ဖြစ်ပွားတာပါ” ဟု ပြောကြားသည်။
ထိုဖြစ်စဉ်ကြောင့် ခြောက်ဘီးကုန်တင်ယာဉ်မောင်းမိုးဝင်းဦးဆိုသူတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းမရှိခဲ့ကြောင်း နှင့် ခြောက်ဘီးကုန်တင်ယာဉ်တွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
၂၀၂၄ ခုနှစ် ဇွန် ၇ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်ကလည်း သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု ဇရပ်ကျွန်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းတွင် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်ဆီးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















