ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်သို့ ရောက်ရှိလာပြီး နစက ဒုတိယဥက္ကဋ္ဌ နှင့် တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေး သတင်းအချက်အလက်ဖလှယ်ရေး ကိစ္စများ ဆွေးနွေး

ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်သို့ ရောက်ရှိလာပြီး နစက ဒုတိယဥက္ကဋ္ဌ နှင့် တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေး သတင်းအချက်အလက်ဖလှယ်ရေး ကိစ္စများ ဆွေးနွေး
Published 22 January 2025

နစက ဒုတိယ ဥက္ကဋ္ဌ နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်တို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား (ဇန်နဝါရီ ၂၁ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ခေါင်ဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ အချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် အစည်းအဝေးများ နှစ်စဉ်အောင်မြင်စွာကျင်းပနိုင်မှု အခြေအနေများ၊ နယ်စပ်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့် သည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda(တန်ဝစ်ယုံချင်ဒါ)တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent