ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက အာဖဂန်နစ္စတန် နယ်စပ်အနီးရှိ တည်ငြိမ်မှု ပျက်ယွင်းနေသည့် အနောက်မြောက်ဘက် ခရိုင်တစ်ခုတွင် စစ်သွေးကြွများကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း အရာရှိများက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနယ်စပ်ဒေသတွင် တိုက်ခိုက်မှုများနှင့် လူမျိုးစုပဋိပက္ခများ မြင့်တက်ခဲ့ပြီးနောက် ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေးသည် မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်၏ ပထမဆုံး အကြီးစားစစ်ဆင်ရေး တစ်ခုဖြစ်သည်။
ဇန်နဝါရီ ၁၇ ရက်က ခိုင်ဘာပက်ခ်ထန် ခါ၀ါပြည်နယ် ကာရမ်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် အမည်မသိ သေနတ်သများများ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အကူအညီပေးရေး ထရပ်ကားများ မီးလောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယာဉ်မောင်းငါးဦး သေဆုံးခဲ့သည်။
ထိုခရိုင်တွင် ရှီးအိုက်နှင့် ဆွန်နီမွတ်ဆလင်များအကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက ထိုခရိုင်သို့သွားသည့် လမ်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပိတ်ဆို့ခဲ့သည်။
ထိုအချိန်မှစပြီး ထိုခရိုင်သည် တစ်နိုင်ငံလုံးနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။
ထိုအချိန်အတောအတွင်း သေနတ်သမားများက ခရီးသည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သဖြင့် လူ ၅၂ ဦး သေဆုံးခဲ့ကာ သေဆုံးသူ အများစုသည် ရှီးအိုက်များဖြစ်သည်။
ထိုတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရသည်။
ထိုအချိန်ကတည်းက ကာရမ်ခရိုင်တွင် အကူအညီပေးရေးအဖွဲ့များက ဝင်ရောက်နိုင်ခြင်းမရှိခဲ့သဖြင့် ထိုခရိုင်တွင်နေထိုင်သည့် ဒေသခံမျးသည် အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရသည်။
ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဘရစ္စတာ ဆာအစ်ဖ်အလီက အကြမ်း ဖက်မှုများ မြင့်တက်လာသဖြင့် စစ်ဆင်ရေးကို မဖြစ်မနေပြုလုပ်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံများ အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်နေချိန်အတွင်း အစိုးရ၏ ဘေးကင်းလုံခြုံရေး ယာယီစခန်းများသို့ သွားရောက်နေထိုင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ကာရမ်ပြည်နယ်တွင် ဘာဂန်မြို့တွင် အကြမ်းဖက်မှုများ အများဆုံးဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို အပြည့်အဝ ပြန်လည်ထိန်းသိမ်းရန်နှင့် အစိုးရ၏ ယန္တရားကို စိတ်ချသေချာစေရန်ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မော့တာဟင် ဘီလာက ပြော ကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် ရှီးအိုက်မွတ်ဆလင်များသည် လူနည်းစုဖြစ်သော်လည်း ကာရမ်ခရိုင်၏ နယ်မြေဒေသအများစုကို ရှီးအိုက် မွတ်ဆလင်များက လွှမ်းမိုးထားသည်။
ထိုဒေသတွင် ဆွန်နီမွတ်ဆလင်များက ရှီးအိုက်မွတ်ဆလင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဘာသာရေး ဂိုဏ်းဂဏကွဲပြားသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
Ref:AP















