ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးနှစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး၊ တိုက်သွားသည့်ကားကို ဖမ်းမမိသေးသည့်အပြင် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေး

ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးနှစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံး၊ တိုက်သွားသည့်ကားကို ဖမ်းမမိသေးသည့်အပြင် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေး
Published 20 January 2025

ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးနှစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ကာ တိုက်သွားသည့်ကားကို ဖမ်းမမိသေးသည့်အပြင် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဟု သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီခွဲကျော်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးနှစ်ဦးကို မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရသည့် အမျိုးသမီး နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ၂၈ နှစ်အရွယ်နှင့် တစ်ဦးမှာ ၂၀ နှှစ်အရွယ်ဖြစ်သည်ဟု သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တစ်ယောက်က ၂၈ လောက်ရှိမယ်။ တစ်ယောက်က ၂၀ လောက်ရှိမယ်။ အခုထိ ဒီအမျိုးသမီးနှစ်ဦးက ဘယ်ကလဲ ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲရှိသေးတယ်” ဟု သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမျိုးသမီးနှစ်ဦးအား တိုက်ခဲ့သည် မော်တော်ယာဉ်ကိုလည်း ဖမ်းမမိသေးကြောင်း၊ ထို့ပြင် မော်တော်ယာဉ်မှာ မည်သည့်အမျိုးအစားဖြစ်သည်ကို ခန့်မှန်းနိုင်ခြင်းသာ ရှိသေးသည်ဟု အဆိုပါအသင်းမှ သိရသည်။

“အခုက တိုက်သွားတဲ့ ကားက ကျန်ခဲ့တဲ့အပိုင်းအစကိုတော့ တွေ့ရတယ်။ အုတ်သဲကျောက်တင်တဲ့ကားလို့ လတ်တလော ခန့်မှန်းရတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် အမျိုးသမီးနှစ်ဦးကို သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent