အထင်ကရ အဂတိလိုက်စားမှုတွင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီး ဘူရှရာဘီ ဘီတို့ကို ပါကစ္စတန်တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့ရာ အီမရန်ခန်းသည် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ ရသည်။
ခန်းသည် အမှု ၂၀၀ ခန့်ဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လကတည်း ထိန်းသိမ်းခံထားရသည်ဆိုသော်လည်း ၎င်းအားနိုင်ငံရေးမှ နောက်ဆုတ်သွားစေရန် ဖိအားပေးသည့်အနေဖြင့် နောက်ဆုံးစီရင်ချက်ကို အသုံးပြု လိုက်ခြင်း ဖြစ်သည်ဟု ၎င်း၏ပါတီ ပြောကြားခဲ့သည်။
“ကျွန်တော်က ဘာအပေးအယူကိုမှ လုပ်မှာမဟုတ်သလို အသက်ရှူပေါက်ရအောင်လည်း လုပ်မှာ မဟုတ်ပါဘူး”ဟု ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ခန်းက တရားရုံး ခန်းမထဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးက ခန်းကို ထိန်းသိမ်းထားသည့် မြို့တော်အစ္စလာမ်မာဘတ်မြို့ အနီးရှိ ထောင်ထဲတွင် စုဝေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံအတူတကွ တည်ထောင်ထားသော Al-Qadir Trust ဖောင်ဒေးရှင်းနှင့် ဆက်နွှယ်နေသော အဂတိလိုက်စားမှုအတွက် နှစ်ဦးစလုံးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။
“တရားစီရင်ရေးကတော့ သူ့အလုပ်ကို သူလုပ်တာပါ။ ခန်းကို ပြစ်ဒဏ်စီရင်ခဲ့ပါတယ်”ဟု တရားသူကြီး နာဆာဂျာဗက်ရာနာက ပြောကြားခဲ့ပြီး ခန်းကို ထောင် ၁၄ နှစ်နှင့် ဘီဘီကို ထောင်ခုနစ်နှစ် ချမှတ်ခဲ့သည်။
Ref:AFP















