ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါမီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ မရွှေလဲ့က ပြောကြားသည်။
မီးလောင်မှုမှာ ဇန်နဝါရီ ၇ ရက် နံနက် ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၅ ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မီးလောင်တဲ့နေရာမှာ အမျိုးသမီး အလောင်းတစ်လောင်း တွေ့တယ်။ အခုတော့ အဲ့ဒီမီးလောင်တဲ့သူတွေကို ကယ်ဆယ်ရေးနေရာမှာ ထားထားတယ်။ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်” ဟု ရွှေမေတ္တာဖောင်ဒေးရှင်းမှ မရွှေလဲ့က ပြောကြားသည်။
သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ထို့ပြင် မီးလောင်မှုဖြစ်ပွားရာနေရာတွင် မီးလောင်ကျွမ်းခံရကာ သေဆုံးနေသည့် ခွေးလေးတစ်ကောင်ကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
“အမျိုးသမီးအလောင်းလည်း တွေ့တယ်။ ခွေးလေးတစ်ကောင်ကိုလည်း ပိမိလို့ မထွက်နိုင်ဘဲ မီးလောင်တဲ့ဒဏ်ရာတွေနဲ့ သေနေတာကိုတွေ့တယ်” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ မရွှေလဲ့က ပြောကြားသည်။
မီးလောင်မှုမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး Level 1 အဆင့်ဖြင့် ငြိှမ်းသတ်ခဲ့ရကာ နံနက် ၆ နာရီ ၁၉ မိနစ်မှ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။















