ထိုင်းနိုင်ငံအခြေစိုက် Miss Grand International အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်မှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း Miss Grand India အဖွဲ့အစည်းက အင်စတာဂရမ်လူမှုကွန်ရက်တွင် တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်သည်။
လက်ရှိအချိန်တွင် Miss Grand India ၏ ရှေ့ဆက်သွားမည့် ရည်မှန်းချက်အမြင်များနှင့် ကွဲပြားနေသဖြင့် Miss Grand International နှင့် ယခုကဲ့သို့လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၊ ယင်းသို့ဆုံးဖြတ်လိုက်သည့်အတွက်လည်း Miss Grand India အနေဖြင့် စတင်အသက်ဝင်နေပြီဖြစ်သည့် စိတ်လှုပ်ရှားဖွယ်အခြားသော အစီအစဉ်များအပေါ် အာရုံစိုက်လုပ်ကိုင်နိုင်ပြီး ၎င်းတို့ကိုမကြာမီ ချပြသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်ပါနေ့စွဲနှင့် အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
Miss Grand India သည် သစ္စာရှိမှုဆိုသည့် အခြေခံအုတ်မြစ်ကို အလေးထားတန်ဖိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး ထိုအချက်က ယခုဆုံးဖြတ်ချက်တွင် များစွာသက်ဆိုင်နေကြောင်း ၊ Rachel Gupta က Miss Grand International 2024 ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံအတွက် ပထမဆုံးသရဖူကို ရယူပေးခဲ့သည့်အတွက် အလွန်အမင်းဂုဏ်ယူဝမ်းမြောက်ပါကြောင်း ၊ Rachel သည် Miss Grand India ၏ Queen အဖြစ် ထာဝရရှိနေမည်ဖြစ်ပြီး ၎င်း၏စွမ်းဆောင်မှုက အိန္ဒိယနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ၊ ဂုဏ်ယူစွာဖြင့် Rachel ဘက်မှ ဆက်လက်ရပ်တည်အားပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင်ဆိုထားသည်။
ယခုထုတ်ပြန်ချက်ကို Miss Grand India အဖွဲ့အစည်း၏ ဥက္ကဌ Nikhil Anand ၏လက်မှတ်ဖြင့် အဆုံးသတ်ထားသည်။
Miss Grand International 2024 ပြိုင်ပွဲ၏ Grand Final ကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ MGI Hall တွင် အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုကို အိန္ဒိယ အလှမယ်၊ ဒုတိယဆုကို ဖိလစ်ပိုင်အလှမယ် ၊ တတိယဆုကို မြန်မာအလှမယ် သဲစုငြိမ်းတို့ ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် မြန်မာအလှမယ် သဲစုငြိမ်းက National Costome နှင့် Country's Power of The Year ဟူသော အကောင်းဆုံးဆုတို့ကို မိမိသည် လုယူခံရသည်ဟု ခံစားရသောကြောင့် မိမိ၏ဆုကိုလက်လွှတ်လိုက်ပြီဟု သဲစုငြိမ်းက အင်စတာဂရမ်တွင် တိုက်ရိုက်လွှင်ခဲ့သောဗီဒီယို၌ ပြောကြားခဲ့သည်။
ယင်းနောက် 2nd Runner-Up ဆုရှင် အလှမယ်သဲစုညိမ်းအနေဖြင့် မသင့်လျော်သော အပြုအမူများနှင့် စည်းကမ်းချိုးဖောက်မှုများကြောင့် 2nd Runner-Up ဆုကို ရုပ်သိမ်းကြောင်း Miss Grand International Organization က အောက်တိုဘာ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။