ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်

ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
Photo: MFF
Photo: MFF
Published 18 November 2024

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၄ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ(၂-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်ဂိုးကို လက်ရွေးစင်အသင်းနဲ့ ကာလကြာရှည်ဝေးကွာနေတဲ့ တိုက်စစ်မှူး သီဟဇော်က ခေါင်းတိုက်သွင်းယူခဲ့လို့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်. . .

မေး - နှစ်တွေအကြာကြီးနေမှ မြန်မာ့လက်ရွေးစင်အသင်းဆီကို ပြန်လာနိုင်ခဲ့တယ်။ ပြန်လာတော့လည်း အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တယ်။ ဂိုးသွင်းယူပေးနိုင်တဲ့အပေါ် ခံစားချက်က. . .

ဖြေ - စင်ကာပူအသင်းဘက်ကို ကျွန်တော် သွင်းလိုက်တဲ့ဂိုးက ကျွန်တော်တို့အသင်းအတွက် အနိုင်ဦးဆောင်ဂိုးဖြစ်ခဲ့လို့ ပျော်ခဲ့ရပေမဲ့ ပွဲအပြီး ရလဒ်မကောင်းတော့ အပြည့်အဝ မပျော်ရဘူးပေါ့။

မေး - မြန်မာ့လက်ရွေးစင်အသင်းအတွက် နောက်ဆုံးသွင်းယူပေးခဲ့တဲ့ဂိုးက ဘယ်ပွဲလဲ. . .

ဖြေ - နယူးဇီလန်အသင်းနဲ့ ရန်ကုန်မှာ ခြေစမ်းကစားခဲ့တဲ့ပွဲ၊ ခုနှစ်အတိအကျတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူးဗျ။(၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ရေဘေးသင့်ရန်ပုံငွေအတွက် မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန်လက်ရွေးစင်အသင်း ခြေစမ်းကစားခဲ့ပြီး တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် မြန်မာအသင်းအတွက် သီဟဇော်က ဂိုးသွင်းယူပေးခဲ့သည်)။ ယူ-၂၃ အသင်းအတွက်ဆိုရင်တော့ ၂၀၁၅ ဆီးဂိမ်းစ် ကမ္ဘောဒီးယားနဲ့ သုံးဂိုးစီသရေကျတဲ့ပွဲမှာ ကျွန်တော် တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

မေး - နှစ်တွေကြာပြီးမှ လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရတဲ့အပေါ်ရော. . .

ဖြေ - ကျွန်တော်ကတော့ ကိုယ့်ဘက်ကအပိုင်းကို အပြည့်အဝလုပ်တယ်။ နည်းပြက ခေါ်သုံးတာ မသုံးတာကို ခေါင်းထဲမထည့်ဘူး။ ခေါ်သုံးတဲ့အချိန်မှာ ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေဖို့ အမြဲပြင်ဆင်ထားတယ်။ ခေါ်မသုံးလို့လည်း စိတ်မဆိုးဘူး။ ခေါ်သုံးရင် နည်းပြညွှန်ကြားတဲ့အတိုင်း အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ ကြိုးစားတယ်။ ကျွန်တော့်ရဲ့ ပြည်ပထွက်ကစားတဲ့ အတွေ့အကြုံနဲ့ အသင်းအပေါ် ဘယ်လိုကူညီနိုင်မလဲ ဒါပဲတွေးတယ်။

မေး - နည်းပြ ဦးမျိုးလှိုင်ဝင်းအပေါ်. . .

ဖြေ - ဆရာမျိုးနဲ့က ဧရာဝတီအသင်းမှာကတည်းက လက်တွဲဖူးကြတာပါ။ ဆရာမျိုးက ကစားသမားအပေါ် ဖိအားမပေးတတ်ဘူး။ သူလိုချင်တာကို ရှင်းအောင်ပြောတယ်။ ဒါကိ်ု ကျွန်တော်တို့က အပြည့်အဝလိုက်လုပ်နိုင်ဖို့ပဲလိုတယ်။ ကျွန်တော့်ကို ယုံကြည်လို့သုံးရင် အပြည့်အဝတာဝန်ကျေဖို့လိုတယ်။

မေး - လက်ဘနွန်အသင်းနဲ့ ပွဲအပေါ်. . .

ဖြေ - ကျွန်တော်တို့ကတော့ ရလဒ်ကောင်းအောင်ကြိုးစားမှာပါ။ ခြေစမ်းပွဲတွေမှာ ရလဒ်က အရေးပါပေမဲ့ အသင်းတိုးတက်ဖို့က ပိုအဓိကကျပါတယ်။ အသင်းတိုးတက်လာရင် ရလဒ်ကနောက်က လိုက်လာပါလိမ့်မယ်။ ဒီခြေစမ်းပွဲနှစ်ပွဲမှာ ကျွန်တော်တို့ရဲ့ အားနည်းချက်ကိုရှာပြီး အာဆီယံဖလားပြိုင်ပွဲမတိုင်မီ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။

 

Most Read

Most Recent