ရုရှားနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုကြီးဖြစ်သည်ဟု အောက်တိုဘာ၂၉ ရက် တွင်တောင်ကိုရီးယားသမ္မတကပြောကြား ခဲ့သည်။
ရုရှား၌ သင်တန်းပေးရန်စစ်သား ၁၀,၀၀၀ ကို မြောက်ကိုရီးယားကပို့လိုက်သည်ဟုအမေရိကန်က ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ၏အထက်ပါပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဟာ တတိယမြောက်နှစ်အထိဆက်လက်ဖြစ်ပွားနေတဲ့အနေအထားမှာ မြောက်ကိုရီးယားဟာရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေရုံသာမကဘဲ စစ်သားတွေကိုတောင် ဖြန့်ကြက် ထားပါတယ်”ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုလ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ထိပ်တန်းအထူးတပ်ဖွဲ့များအပါအဝင် စစ်သားထောင်ပေါင်းများစွာကို ရုရှားသို့ ပို့ဆောင်ထားသည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောကြားနေသည်မှာ ကြာပြီဖြစ်သည်။
“ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့တရားမဝင်စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ထင်သာမြင်သာ လုံခြုံရေးခြိမ်းခြောက်မှုဖြစ်ပြီး ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ ကောင်းတဲ့အန္တရာယ်ကို ကျရောက်စေနိုင်ပါတယ်”ဟု သမ္မတယွန်းဆက်ယိုလ်က ပြောကြားခဲ့သည်။
“ဖြစ်နိုင်ခြေအားလုံးကို ကျွန်တော်တို့အသေးစိတ်ဆန်းစစ်သွားရမှာဖြစ်ပါတယ်။ တန်ပြန်အစီအမံတွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်”ဟု ယွန်းဆက်ယိုလ်က ပြောကြားခဲ့သည်။ ရုရှား-မြောက်ကိုရီးယား စစ်ရေးပူး ပေါင်းဆောင်ရွက်မှုတိုးတက်မှုအနေအထား အပေါ်မူတည်၍ အစီအမံများကို တစ်ဆင့်ပြီးတစ်ဆင့် တက်တက်ကြွကြွချမှတ်ရလိမ့်မည်ဟု သမ္မတယွန်းဆက်ယိုလ်က ဖြည့်စွက်ပြောခဲ့ကြောင်း သမ္မတရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
“ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ အဲဒီစစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံထားတဲ့ အပြည်ပြည်ဆိုင်ရာ ထိန်းကျောင်းမှုစနစ်ကို အခြေခံကျကျ ကိုင်လှုပ်လိုက်တာဖြစ်ပြီး တစ်ကမ္ဘာ လုံးနဲ့ကိုရီးယားကျွန်းဆွယ်တို့က ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်”ဟု တောင်ကိုရီးယားသမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် မော်စကိုသို့ ဦးတည်ထွက်ခွာသွားပြီဟု မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သော်လည်း ဝန်ကြီး၏ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်များကို ဖော်ပြခြင်းမရှိပေ။
ကမ္ဘာ့ထိပ်တန်း လက်နက်အများဆုံးတင်ပို့သော ၁၀ နိုင်ငံထဲက တစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားသည် ယူကရိန်းသို့လက်နက်များ တိုက်ရိုက်ပေးပို့ခြင်းပြုမပြု ပြန်လည်သုံးသပ်သွားမည်ဟုယခင်ကပြော ကြားထားသည်။ စစ်ဖြစ်နေသော နေရာများသို့လက်နက်များ တင်ပို့ရောင်းချခြင်းမပြုရဟူသော ပြည်တွင်း မူဝါဒကြောင့် တောင်ကိုရီးယားသည် ယူကရိန်းထံလက်နက်များ ပံ့ပိုးခြင်းမပြုခဲ့ပေ။ ယူကရိန်းထံလက်နက်များ ထောက်ပံ့ပေးရန် အနောက်အုပ်စုမဟာမိတ်များက တောင်ကိုရီးယားကို တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သည်။
Ref: AFP