ရုရှားတွင် စစ်သင်တန်းများလေ့ကျင့်ခဲ့သည့် ပထမအသုတ် မြောက်ကိုရီးယားတပ်ဖွဲ့များကို ကာ့စ်ဒေသတွင် ဖြန့်ကြက်ချထားကြောင်း ယူကရိန်း ပြောကြား

ရုရှားတွင် စစ်သင်တန်းများလေ့ကျင့်ခဲ့သည့် ပထမအသုတ် မြောက်ကိုရီးယားတပ်ဖွဲ့များကို ကာ့စ်ဒေသတွင် ဖြန့်ကြက်ချထားကြောင်း ယူကရိန်း ပြောကြား
Published 25 October 2024

ရုရှားနိုင်ငံတွင် စစ်သင်တန်းများ လေ့ကျင့်ခဲ့သည့် ပထမအသုတ် မြောက်ကိုရီးယားတပ်ဖွဲ့များကို ကာ့စ်ဒေသတွင် ဖြန့်ကြက်ချထားခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် သြဂုတ်လကတည်းက ရုရှား၏ ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရုရှားအစိုးရကမူ မြောက်ကိုရီးယား စစ်သားများကို ဖြန့်ကြက်ချထားမှု သတင်းများသည် သတင်းမှားများဖြစ်ကြောင်း အစောပိုင်းက ငြင်းဆိုခဲ့သည်။

သို့သော် အောက်တိုဘာ ၂၄ ရက်တွင်မူ ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနှင့် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရေးသည် ရုရှား၏ တာဝန်ဝတ္တရားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားတွင် မြောက်ကိုရီးယား စစ်သားများ ရှိ၊မရှိကို ပူတင်က ငြင်းဆိုခဲ့ခြင်းမရှိပေ။

“ရုရှားကို ပထမဆုံးရောက်ရှိခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားအရှေ့ဖျားဒေသမှာ စစ်သင်တန်းတွေ လေ့ကျင့်ခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲရဲ့ တိုက်ပွဲဇုန်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကာ့စ်ဒေသမှာ သူတို့ (မြောက်ကို ရီးယားစစ်သားများ) ရဲ့ တည်ရှိမှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်”ဟု ယူကရိန်းထောက်လှမ်းရေး အေဂျင်စီက အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်၏ အရာရှိ ၅၀၀ နှင့် ဗိုလ်ချုပ်ကြီး သုံးဦးအပါအဝင် မြောက်ကိုရီးယားစစ်သား ၁၂၀၀၀ ခန့်သည် ရုရှားသို့ ရောက်ရှိနှင့်ပြီးဖြစ်ကာ စစ်စခန်းငါးခုတွင် စစ်ရေးလေ့ကျင့်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မြောက်ကိုရီးယားစစ်သားများ၏ စစ်သင်တန်းများ လေ့ကျင့်မှုကို ရုရှားဒုတိယ ကာကွယ်ရေးဝန်ကြီး ယူနပ်စ်ဘက် ယိဗ်ကူရော့ဗ်က တာဝန်ယူကြီးကြပ်ပေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့သည်။

စစ်ပွဲတွင် မြောက်ကိုရီးယားပါဝင်လာမှုကို ပြင်းထန်စွာ တုံ့ပြန်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် ယူကရိန်းက မဟာမိတ်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၂၄ ရက်ကလည်း အမေရိကန်က မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သားများ ၃၀၀၀ ခန့်စေလွှတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေသည်ဆိုသည့် စွပ်စွဲမှုများနှင့် ကာလကြာရှည် ရင်ဆိုင်နေရမှုနှင့်အတူ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်ကို မြှင့်တင်ခဲ့သည်။

“အောက်တိုဘာလ အစပိုင်းကနေ လလယ်ပိုင်းအကြား မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းကို စစ်သား ၃၀၀၀ ထက် မနည်းစေလွှတ်ခဲ့ပါတယ်”ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုစစ်သားများကို မြောက်ကိုရီးယားမှ ဗလာဒီဗော့စတော့မြို့သို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရုရှားအရှေ့ပိုင်းရှိ စစ်သင်တန်းများ လေ့ကျင့်သည့် စခန်းများကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာဘီက ပြော ကြားခဲ့သည်။                          

Ref:AFP

Most Read

Most Recent