လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်(၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိ

လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်(၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိ
Published 22 October 2024

လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင် (၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူ ကျော်ခိုင်ဦးနှင့် တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ နှစ်ဦးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသည့် ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲ မြို့နယ်၊ ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စုဆောင်းသဖြင့် ၎င်းအဖွဲ့ ထံ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်းမရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း နစက,က  ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တန်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို၍ ငွေကြေးများ တောင်းခံခဲ့ကြောင်း နစက,က  ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်အထိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအနေဖြင့် လားရှိုးမြို့မှ လေးဦး၊ သီပေါမြို့မှ တစ်ဦး၊ မူဆယ်မြို့မှ ငါးဦး၊ နမ့်ခမ်းမြို့မှ နှစ်ဦး၊ တောင်ကြီးမြို့မှ တစ်ဦး၊ လွိုင်ကော်မြို့မှ တစ်ဦး၊ ပြင်ဦးလွင်မြို့မှ လေးဦး၊ နောင်ချိုမြို့မှ တစ်ဦး၊ မန္တလေးမြို့မှ ရှစ်ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် (၂၇)ဦးတို့ထံမှ ခြိမ်းခြောက်၍ ကျပ် ၂၂၁၃ သိန်း တောင်းခံခဲ့ကြောင်း၊ ရရှိငွေကြေးများနှင့် Soueast ယာဉ်အား ကျပ်သိန်း ၄၀၀  ဖြင့် လည်းကောင်း၊ မိုးကြိုးပစ်ကျေးရွာရှိ နေအိမ်အား ကျပ်သိန်း ၁၄၀၀ ဖြင့် လည်းကောင်း ဝယ်ယူခဲ့ပြီး ကျန်ငွေများအား လောင်းကစားခြင်း၊ သောက်စားပျော်ပါးခြင်းများတွင် သုံးစွဲခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်း နစက,က  ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ အများပြည်သူများအား ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် တရားခံများကို တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပြည်သူလူထုအနေဖြင့်လည်း ခြိမ်းခြောက်ငွေကြေးတောင်းခံရပါက အလွယ်တကူမယုံကြည်ကြရန်နှင့် ထို့သို့ ဆောင်ရွက်နေသူများအား ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် လိုအပ်ကြောင်း နစက,က  ထုတ်ပြန်သည်။

Most Read

Most Recent