အာဖရိကတစ်ဝန်းတွင် mpox ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်း အာဖရိက CDC သတိပေး

အာဖရိကတစ်ဝန်းတွင် mpox ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာကြောင်း အာဖရိက CDC သတိပေး
သြဂုတ် ၂၉ ရက်က ဒီအာကွန်ဂိုနိုင်ငံ ကာဗူမူဆေးရုံတွင် အမျိုးသမီးတစ်ဦးက mpox ကူးစက်ဖြစ်ပွားနေသည့် ညီမဖြစ်သူ၏ လက်မှအဖုအပိမ့်များကို အပ်ဖြင့် ဖောက်နေစဉ်(Photo:Reuters)
သြဂုတ် ၂၉ ရက်က ဒီအာကွန်ဂိုနိုင်ငံ ကာဗူမူဆေးရုံတွင် အမျိုးသမီးတစ်ဦးက mpox ကူးစက်ဖြစ်ပွားနေသည့် ညီမဖြစ်သူ၏ လက်မှအဖုအပိမ့်များကို အပ်ဖြင့် ဖောက်နေစဉ်(Photo:Reuters)
Published 20 October 2024

အာဖရိကတစ်ဝန်းတွင် mpox ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေသည် စိုးရိမ်ဖွယ်အဆင့် အထိ မြင့်တက်နေကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာက ထုတ်ပြန်ခဲ့ပြီး အဖွဲ့၏ညွှန်ကြားရေးမှူးချုပ် ယန်းကာဆီရာက ထိုအခြေအနေသည် အထိန်းအကွပ်မဲ့ အခြေအနေအထိ ရောက်ရှိလာနိုင်သည်ဟု သတိပေးခဲ့သည်။

လူမှုမီဒီယာ X တွင် တင်ထားသော ပို့စ်၌ ကာဆီရာက ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့် တက်နေသည့် အခြေအနေကို မီးမောင်းထိုး ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အရေးတယူ ဆောင်ရွက်တာမျိုးမရှိရင် mpox ကူးစက်မှုဟာ အထိန်းအကွပ်မဲ့ ပျံ့နှံ့လာနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်” ဟု ဆိုသည်။

ဧပြီလမှ သြဂုတ်လအထိ ဗိုင်းရပ်စ်သည် နောက်ထပ်နိုင်ငံ ၁၂ နိုင်ငံဆီ ပျံ့နှံ့ခဲ့ပြီးသေဆုံးသူ ၁၀၀၀ ကျော်ရှိလာခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးမှုများနှင့် ကတိပြုပြောကြားမှုများထက် ကျော်လွန်၍ အရေးပေါ် လှုပ်ရှားကြရန် ကာဆီရာက အလေးအနက်ထား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစည်းအဝေးတွေနဲ့ ဆွေးနွေးမှုတွေပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောထားတဲ့ ကတိကဝတ်တွေကို အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။လာ မယ့်သီတင်းပတ်မှာ ဆွေးနွေးတာတွေအားလုံးကို နောက်ဆုံးထားပြီး ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့ ငွေကြေး၊ ကိရိယာတွေနဲ့ ကာကွယ်ဆေးတွေကို ကတိအတိုင်း အကောင်အထည်ဖော်ပေးလို့ တောင်းဆိုလိုပါ တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အာဖရိက သမဂ္ဂလက်အောက်ရှိ အာဖရိက CDC သည် အာဖရိကတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေး ဌာနများ၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် တာဝန်ရှိသော အဖွဲ့ဖြစ်သည်။

သြဂုတ်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကွန်ဂိုနှင့် အခြားအာဖရိကနိုင်ငံများတွင် mpox ရောဂါကူးစက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ထုတ် ပြန်ကြေညာခဲ့သည်။ကွန်ဂိုနိုင်ငံတွင် သိပ္ပံပညာရှင်များက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်သော mpox မျိုးကွဲသစ်တစ်မျိုးကို ဖော်ထုတ်ခဲ့သည်။

ယခင်က မျောက်ကျောက်ရောဂါဟု လူသိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။

ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများ ပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် ကူးစက်မှု ဖြစ်စဉ်များတွင် သေဆုံးသူ ၇၂၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။

mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက်ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့် လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။

mpox ဗိုင်းရပ်စ်တွင် clade 1 နှင့် clade 2 ဟူ၍နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clades များရှိသည်။ 

Ref:AFP

Most Read

Most Recent