ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများကို ရယူရန် ပစ်မှတ်ထားနေကြောင်း လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်း ပြောကြား

ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများကို ရယူရန် ပစ်မှတ်ထားနေကြောင်း လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 October 2024

 

လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများကို ရယူရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီလက်ရွေးစင်အသင်းခေါင်းဆောင် ဆိုဘိုဆလိုင်း (၂၃ နှစ်)သည် ပရိုကစားသမားဘဝစတင်ကတည်းက ရာသီတိုင်း အနည်းဆုံးဖလား တစ်လုံး ရယူနိုင်ခဲ့သူဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် လိုက်ပ်ဇစ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်သန်း (၆၀) ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဆိုဘိုဆလိုင်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းနှင့်အတူ လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ 

ဆိုဘိုဆလိုင်းက "ကျွန်တော် ချန်ပီယံလိဂ်ဖလား လိုချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကွင်းထဲမှာ ချန်ပီယံလိဂ်သီချင်းကို ကြားချင်ခဲ့တာပါ။ ပြီးတော့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းချင်ခဲ့တယ်။ ပြီးတော့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားချင်ခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်ချင်ခဲ့တာပါ။ အခု အဲဒီအရာတွေအားလုံးကို ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ အခု ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတာဆိုတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းနဲ့အတူ ရချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဖလားကို ရချင်ပါတယ်။ ဒီတော့ ကျွန်တော့်ရည်မှန်းချက်တွေက ကြီးမားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်တာတွေကို ရည်မှန်းပြီး ကြိုးစားနေတာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆိုဘိုဆလိုင်းက နည်းပြဟောင်း ယာဂန်ကလော့ပ်နှင့် နည်းပြသစ် အာနယ်ဆလော့တို့၏ ခြားနားချက်ကိုလည်း ဖွင့်ဟပြောကြားခဲ့သည်။ အာနယ်ဆလော့သည် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့သည့် ကလော့ပ်၏နေရာကို ဝင်ရောက်ခဲ့ပြီး ယခုရာသီအစတွင် အသင်းကို ရလဒ်ကောင်းများရရှိ အောင် စွမ်းဆောင်ပေးထားသည်။ 

ဆိုဘိုဆလိုင်းက ကလော့ပ်လက်ထက်တွင် တိုက်စစ်ကို တိုက်ရိုက်ကစားသော်လည်း အာနယ်ဆလော့လက်ထက်တွင် ဘောလုံးကိုင်ကာ တိုက်စစ်ကိုတည်ဆောက်ပြီးမှ ကစားလေ့ရှိကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent