အစ္စရေးကို လက်နက်မရောင်းကြရန် ပြင်သစ်ကတောင်းဆိုလိုက်ပြီးနောက် မည်သူအားပေးပေး၊ မပေးပေး စစ်ပွဲတွင်အစ္စရေးနိုင်မည်ဟု နေတန်ရာဟုတုံ့ပြန်

အစ္စရေးကို လက်နက်မရောင်းကြရန် ပြင်သစ်ကတောင်းဆိုလိုက်ပြီးနောက် မည်သူအားပေးပေး၊ မပေးပေး စစ်ပွဲတွင်အစ္စရေးနိုင်မည်ဟု နေတန်ရာဟုတုံ့ပြန်
၂၀၂၃ ခုနှစ်   ၊ အောက်တိုဘာ ၂၄ ရက်က ဂျေရုစလင်မြို့တွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု(ယာ)နှင့် ပြင်သစ်သမ္မတမက်ခရွန်(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တက်ရောက်နေစဉ်(Photo: Reuters)
၂၀၂၃ ခုနှစ်   ၊ အောက်တိုဘာ ၂၄ ရက်က ဂျေရုစလင်မြို့တွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု(ယာ)နှင့် ပြင်သစ်သမ္မတမက်ခရွန်(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တက်ရောက်နေစဉ်(Photo: Reuters)
Published 8 October 2024

အစ္စရေးကို စစ်လက်နက်ရောင်းချနေမှုများရပ်ကြရန် ပြင်သစ်သမ္မတမက်ခရွန်က  နိုင်ငံတကာကို တောင်းဆိုလိုက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း  မည်သူအားပေးပေး ၊ မပေးပေး ယခုတိုက်နေသည့်စစ်ပွဲတွင် အစ္စရေးသာနိုင်မည်ဟု တုံ့ပြန်ပြောကြားထားသည်။

အောက်တိုဘာ ၅ ရက်က France Inter အသံလွှင့်ဌာနနှင့်အင်တာဗျူးတွင် ပြင်သစ်သမ္မတမက်ခရွန်က နိုင်ငံရေးအဖြေတစ်ခုဖြင့်ရှေ့ဆက်ရန်လိုနေကြောင်း ၊ယင်းအဖြေက ဂါဇာတွင်တိုက်ရန် အစ္စရေးအားလက်နက် ပေးပို့နေမှုများကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်းနှင့် ပြင်သစ်ကလက်နက်ပေးပို့တော့မည်မဟုတ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်ပြီးမက်ခရွန်က ဂါဇာစစ်ပွဲသည် မုန်းတီးရေးလမ်းကိုဦးတည်နေသည်ဟုလည်း ပြောကြားခဲ့သည်။ လက်ဘနွန်အရေးကိုလည်း မက်ခရွန်ကထည့်ပြောသွားပြီး မြေပြင်တပ်များလွှတ်ကာ လက်ဘနွန်ကိုတိုက်နေ သည့်အပေါ်ဆန့်ကျင်သည့်သဘောထားကို ပြခဲ့သည်။

လက်ဘနွန်ပြည်သူများကို အထိခိုက်ခံ၊စတေးခံ၍မဖြစ်ကြောင်း၊ လက်ဘနွန်ကို နောက်ထပ်ဂါဇာ မဖြစ်စေလိုကြောင်း မက်ခရွန်ကပြောကြားခဲ့သည်။

 ယင်းမှတ်ချက်များထွက်လာပြီးနောက် နေတန်ရာဟုက အီရန်ဦးဆောင်သည့်အုပ်စုကို အစ္စရေးကရင်ဆိုင်တိုက်နေချိန်၊ သိက္ခာမြင့်မားပြီး တိုးတက်သည့်နိုင်ငံအားလုံးက အစ္စရေးဘက်မှရပ်တည်သင့်ကြောင်း၊ သို့သော်ယင်းသို့မဟုတ်ဘဲ မက်ခရွန်နှင့်အခြား အနောက်အုပ်စုခေါင်းဆောင်များက အစ္စရေးကို လက်နက်မရောင်းရန်ပြောလိုက်ခြင်းက ရှက်စရာကောင်းကြောင်း တုံ့ပြန်လိုက်သည်။ မည်သူအားပေးပေး ၊ မပေးပေး  ယခုတိုက်ပွဲတွင် အစ္စရေးပင်နိုင်မည်ဟုလည်း နေတန်ရာဟုက အခိုင်အမာပြောနေသည်။

 ပြင်သစ်သည် အစ္စရေးကို စစ်လက်နက် အများဆုံးထုတ်ရောင်းနေသည့် နိုင်ငံမဟုတ်သော်လည်း ဥရောပသမဂ္ဂ(အီးယူ)တွင် အရာရောက်သည့်နိုင်ငံ ၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။

အစ္စရေးကို လက်နက်အများဆုံးရောင်းပေးသည့်နိုင်ငံက အမေရိကန်ဖြစ်ပြီး ဂျာမနီက ဒုတိယနေရာမှလိုက်နေသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးကို အမေရိကန်ဒေါ်လာ ၁၆၅ သန်းတန်ကြေးရှိ လက်နက်များရောင်းရန် စက်တင်ဘာတွင်  အတည်ပြုထားသည်။

ဗြိတိန်ကမူ အစ္စရေးသို့ စစ်လက်နက်တင်ပို့ခွင့်ပြုထားသည့် လိုင်စင် ၃၅၀ ရှိသည့် အနက် ၃၀ ခန့်ကို ဆိုင်းငံ့မည်ဟု စက်တင်ဘာ ၂ ရက်တွင် ကြေညာလိုက်သည်။စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ဒရုန်းများကို  တင်ပို့မှုဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး လက်နက်ကုန်သွယ်မှုကို အလုံးစုံတားမြစ်လိုက်ခြင်း မဟုတ်သေးဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကဆိုသည်။ စစ်လက်နက်များအား  နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းထန်စွာချိုးဖောက်သည့်နေရာတွင် သုံးလိုက်မည်စိုးသဖြင့် ယင်းသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

အစ္စရေးဘက်ကမူ ဗြိတိန်၏ဆုံးဖြတ်ချက်သည် ဟားမာ့စ်နှင့်အီရန်ကို အလွန်ပြဿနာရှိသည့်အဓိပ္ပါယ်မျိုး ပေးနေသည်ဟု ဝေဖန်ခဲ့ပြီး အစ္စရေးသည် နိုင်ငံတကာဥပဒေလမ်းကြောင်းပေါ်တွင် သွားနေကြောင်း၊နှစ်နိုင်ငံကြားရင်းနှီးမှု ဆက်လက်ခိုင်မြဲနေရန် မျှော်လင့်ကြောင်း တုံ့ပြန်ခဲ့သည်။

Ref: The Guardian

Most Read

Most Recent