နေပြည်တော် တပ်ကုန်း မြို့နယ် ချောင်းခြား ကျေးရွာတွင် ရေဘေးလှူဒါန်းသည့် ဒံပေါက်ကို စားမိရာမှ လူ ၁၀၀ ကျော် အစာအဆိပ်သင့်

နေပြည်တော် တပ်ကုန်း မြို့နယ် ချောင်းခြား ကျေးရွာတွင် ရေဘေးလှူဒါန်းသည့် ဒံပေါက်ကို စားမိရာမှ လူ ၁၀၀ ကျော် အစာအဆိပ်သင့်
Published 18 September 2024

နေပြည်တော် တပ်ကုန်း မြို့နယ် ချောင်းခြား ကျေးရွာတွင် ရေဘေးလှူဒါန်းသည့် ဒံပေါက်ကို စားမိရာမှ လူ ၁၀၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ဒေသခံအချို့နှင့် လူမှုအသင်းအချို့ထံမှ သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက်  နံနက် ၁၀ နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥ ခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက်  ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" စားမိတဲ့သူတော်တော်များများ ဖြစ်တာ။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး" ဟု တပ်ကုန်းဒေသခံတစ်ဦးက ပြောကြားသည်။

အစာအဆိပ်သင့်မှု ခံစားခဲ့ရသူများမှာ တပ်ကုန်းမြို့ ခုတင် ၁၀၀ ဆေးရုံတွင် အတွင်းလူနာအဖြစ် အတွင်းလူနာအဖြစ် ၅၆ ဦး၊ ပြင်ပလူနာအဖြစ် (၅၀) ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး နေပြည်တော်တွင် အတွင်းလူနာအဖြစ် ငါး ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် အတွင်းလူနာအဖြစ် လေးဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်သည်။

အခင်းဖြစ်ကျေးရွာသို့ ညနေပိုင်းတွင် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး (၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ (၁) ဖွဲ့၊ (၁၈-၉-၂၀၂၄) ရက်နေ့တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁) ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Most Read

Most Recent