ဂရိကလပ် AEK အေသင်အသင်းသို့ မန်ယူကစားသမားဟောင်းဖြစ်သူ မာစီယဲလ် ပြောင်းရွှေ့မည်

ဂရိကလပ် AEK အေသင်အသင်းသို့ မန်ယူကစားသမားဟောင်းဖြစ်သူ မာစီယဲလ် ပြောင်းရွှေ့မည်
Photo: The Mirror
Photo: The Mirror
Published 18 September 2024

 

ပြီးခဲ့သည့်ရာသီကုန်တွင် မန်ယူအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲထားခဲ့သည့် မန်ယူတိုက်စစ်ကစားသမားဟောင်း မာစီယဲလ်သည် ဂရိကလပ် AEK အေသင်အသင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်ကြောင်း သိရသည်။

မာစီယဲလ်သည် ကိုးနှစ်ကြာ ကစားခဲ့သည့် မန်ယူအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းသစ် ရှာဖွေခဲ့့ခြင်းဖြစ်သည်။ မာစီယဲလ်သည် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်း အပါအဝင် အသင်းများစွာနှင့် အပြောင်းအရွှေ့သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းထဲတွင် ဖလာမင်ဂိုအသင်းသို့ ရောက်ရှိ ရန်နီးစပ်ခဲ့သော်လည်း ၎င်းဘက်မှ တောင်းဆိုမှု မြင့်မားလွန်းခြင်းကြောင့် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ မာစီယဲလ်သည် ဂရိ ကလပ် AEK အေသင်အသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် AEK အေသင်အသင်းနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီး တစ်နှစ် ပေါင် ၂ ဒသမ ၅ သန်း ဝန်းကျင် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

သုံးနှစ်စာချုပ်အရ မာစီယဲလ်သည် စုစုပေါင်း ပေါင် ၇ ဒသမ ၅ သန်းဝန်းကျင် ရရှိမည်ဖြစ်ပြီး ယင်းပမာဏမှာ AEK အေသင်အသင်း၏သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

မာစီယဲလ် (၂၈ နှစ်) ပြောင်းရွှေ့မည့် AEK အေသင်အသင်းတွင် စပါးကစားသမားဟောင်း လာမယ်လာ၊ ဝက်ဖို့ဒ်ကစားသမားဟောင်းများဖြစ်သည့် ပယ်ရေရာနှင့် အမ်ရာဘတ်၊ ဘရန့်ဖို့ဒ်ဂိုးသမားဟောင်း စထရာကိုရှာတို့ ကစားနေကြသည်။

Most Read

Most Recent