အမ်ဘာပေနှင့် တွဲကစားလျှင် အကြီးအကျယ်ဒုက္ခရောက်နိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းရှိ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်များကို နေမာ ဆက်သွယ်သတိပေးခဲ့သည်ဟု သတင်းထွက်ပေါ်

အမ်ဘာပေနှင့် တွဲကစားလျှင် အကြီးအကျယ်ဒုက္ခရောက်နိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းရှိ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်များကို နေမာ ဆက်သွယ်သတိပေးခဲ့သည်ဟု သတင်းထွက်ပေါ်
Photo: X
Photo: X
Published 18 September 2024

 

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ အမ်ဘာပေနှင့် တွဲကစားလျှင် အကြီးအကျယ်ဒုက္ခရောက်စေနိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းရှိ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်များကို ဘရာဇီးလ်နာမည်ကျော်ကစားသမား နေမာက ဆက်သွယ်သတိပေးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

အမ်ဘာပေနှင့် နေမာသည် PSG အသင်းတွင် ၂၀၁၇ မှ ၂၀၂၃ ခုနှစ်အထိ ခြောက်နှစ်ကြာ အတူတွဲကစားခဲ့ခြင်းဖြစ်သည်။ ယင်းကာလအတွင်း နေမာ၏ဒဏ်ရာပြဿနာများကြောင့် ၁၃၆ ပွဲသာ တွဲကစားခဲ့ရပြီး ပြင်သစ် အမှတ်ပေးချန်ပီယံဆု လေးကြိမ်အပါအဝင် ပြည်တွင်းဖလားများ ဆွတ်ခူးနိုင်ခဲ့ကြသည်။  

မက်ဆီ ရောက်ရှိလာပြီးနောက် ကမ္ဘာကျော် Trio တိုက်စစ်အတွဲအဖြစ် နှစ်ရာသီကြာ အတူကစားခဲ့သော်လည်း ပရိသတ်များ မျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။ သတင်းများ၌ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်များထံ နေမာက အမ်ဘာပေ နှင့် အတူတွဲကစားရသည်မှာ ဒုက္ခတွေ့နိုင်ကာ များစွာကျရှုံးနိုင်ကြောင်း သတိပေးခဲ့ပြီး အတူတွဲကစားခဲ့ခြင်း၏ အမှတ်တရများကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။  

အမ်ဘာပေသည် ယခုနှစ်နွေရာသီတွင် PSG အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့ပြီး  ဥရောပစူပါဖလားပွဲအပါအဝင် ကလပ်အသင်းသစ်အတွက် ပြိုင်ပွဲစုံ ၇ ပွဲ ကစားခဲ့ရာတွင် ၅ ဂိုး သွင်းယူပေးခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းတွင် နေမာ၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသ မားများဖြစ်သည့် ဗင်နီစီယပ်စ်၊ ရိုဒရီဂိုနှင့် အန်းဒရစ်တို့မှာ ဘာပေနှင့်အတူ တိုက်စစ်ပိုင်း၌ တွဲကစားနေခြင်းဖြစ်သည်။ ပြင်သစ် နာမည်ကြီးဂျာနယ်လစ် စီရယ်လ်ဟာနူနာက နေမာသည် အမ်ဘာပေ၏အကြောင်းကို ရီးယဲလ်မက်ဒရစ်ရှိ ဘရာဇီးလ်ကစားသမားများကို ဆက်သွယ်သတိပေးခဲ့သည်ဟု အတိအလင်း ပြောကြားခဲ့သည်။ 

"ဘရာဇီးလ်ကစားသမားတွေ (ရီးယဲလ်အသင်းက) ဟာ နေမာရဲ့ သူငယ်ချင်းတွေပါ။ အမ်ဘာပေနဲ့ နေမာအကြားမှာ အမြဲတမ်းစစ်ပွဲတစ်ခုအ သွင်ဆောင်ခဲ့ပါတယ်။ နေမာဟာ အမ်ဘာပေ အကြောင်း ဘရာဇီးလ်ကစားသမားတွေထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ပြီးတော့ သူတို့ကို ဒါဟာ ကြီးမားတဲ့ ကျရှုံးမှုဖြစ်ပြီး ဒုက္ခရောက်စေမယ်လို့ ပြောခဲ့ပါတယ်"ဟု ဟာနူနာက ဖွင့်ဟခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိ လာလီဂါအမှတ်ပေးဇယားတွင် ငါးပွဲကစားပြီး သုံးပွဲနိုင်၊ နှစ်ပွဲ သရေ၊ ၁၁ မှတ်ဖြင့် တတိယနေရာ ရောက်နေကာ နောက်ဆုံးကစားထားသည့် ဆိုစီဒက် အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မူ ဗင်နီစီယပ်စ်နှင့် အမ်ဘာပေတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။ 

Most Read

Most Recent