မော်လမြိုင်မြို့ရှိ မဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ ဟိတဓရဆရာတော်ဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀ဝ လှူဒါန်း

မော်လမြိုင်မြို့ရှိ မဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ ဟိတဓရဆရာတော်ဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀ဝ လှူဒါန်း
Published 17 September 2024

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ ပြည်တွင်းပြည်ပ “ပ”သုံးလုံးသာသနာပြုအကျော် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀ဝ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေ ကျပ်သိန်း ၆၀ဝ မှာ စက်တင်ဘာ ၁၅ ရက်အထိ လှူဒါန်းမှုဖြစ်ကြောင်း ဆရာတော်၏ လှုပ်ရှားမှုသတင်းများကို ပုံမှန်ဖော်ပြနေသည့် Hitadara Channel တွင် ဖော်ပြထားချက်အရသိရသည်။

“ပြည်တွင်းပြည်ပအလှူရှင်များ၏ ကောင်းမှုတော် စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့၌ သိန်း(၆၀ဝ)လှူဒါန်းပြီးဖြစ်ပါသည်။ ကျေးဇူးတင်ပါကြောင်း၊ လိုအပ်တဲ့နေရာမှာ လိုအပ်သလိုလှူပေးလို့ ဝမ်းသာပါတယ်။ ရေဘေးကြီးကြောင့် မိသားစုတွေ စီးပွါးရေးတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဆုံးရှုံးနေကြ၊ အားငယ်နေကြ ပူဆွေးသောကရောက်နေကြသော မြန်မာနိုင်ငံရေဘေးမိသားစုများအားလုံး၏ ကိုယ်စား ကျေးဇူးလည်းတင်ပါတယ်။ ကျေးဇူးလည်းမမေ့ပါဘူး။ အခုလိုအဖြစ်ဆိုးကြီးကို ဘယ်တော့မှ မရောက်ပါစေပဲ အစဉ်ထာဝရ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု Hitadara Channel တွင် ရေးသားထားသည်။

ထိုသို့ လှူဒါန်းငွေများကို ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသကိုယ်တိုင် နေပြည်တော်နှင့် ရမည်းသင်းဒေသများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းလှူဒါန်းမှုများတွင် ရေနစ်မြုပ်မှုဒဏ်ခံစားခဲ့သည့် ပျဉ်းမနားမြို့နယ် ဆင်သေရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁၀ဝ လှူဒါန်းခဲ့ကြောင်းသိရသည်။

Most Read

Most Recent