လီဗာပူးလ်နှင့်ပွဲ၌ အမှားမလုပ်မိရန်လိုအပ်သည်ဟု အေစီမီလန်နည်းပြ ဖွန်ဆီကာ သုံးသပ်

လီဗာပူးလ်နှင့်ပွဲ၌ အမှားမလုပ်မိရန်လိုအပ်သည်ဟု အေစီမီလန်နည်းပြ ဖွန်ဆီကာ သုံးသပ်
Photo: X
Photo: X
Published 17 September 2024

အေစီမီလန်နည်းပြ ဖွန်ဆီကာက လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲ၌ အမှားမလုပ်မိရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ပုံစံသစ်ပြောင်းလဲထားသည့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လိဂ်အဆင့် ပွဲဦးထွက်တွင် အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆုဖလား(၇)ကြိမ်ရရှိထားပြီး ရီးယဲလ်မက်ဒရစ်အသင်း၏နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း လတ်တလောအခြေအနေတွင်မူ အသင်း၏ အင်အားအနေ အထားကြောင့် ရေပန်းအစားဆုံးအသင်းစာရင်းတွင် ပါဝင်ခြင်းမရှိပေ။

ယခုရာသီ စီးရီးအေပြိုင်ပွဲတွင်လည်း (၄)ပွဲကစားပြီးချိန်၌ တစ်ပွဲသာအနိုင်ရရှိပြီး (၂)ပွဲသ ရေ၊ (၁)ပွဲရှုံးနိမ့်ထားသည့်အတွက် လီဗာပူးလ်နှင့်ပွဲတွင် ရုန်းကန်ရဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည်။

ယင်းအချက်ကို ဖွန်ဆီကာကလည်း လက်ခံခဲ့ပြီး လီဗာပူးလ်နှင့်ပွဲ၌ အမှားမလုပ်မိရန် လိုအပ်ကြောင်းနှင့် ခံစစ်ပိုင်းကို ပြီးပြည့်စုံစွာ ကစားနိုင်ရန် လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။

''လီဗာပူးလ်က ဥရောပရဲ့ အတောင့်တင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ထင်ပါတယ်။ သူတို့မှာ တစ်ဦးချင်းထူးချွန်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ခံစစ်ပိုင်းကို ပြီးပြည့်စုံအောင် ကစားရမှာဖြစ်ပြီး အမှားလုပ်လို့ မရပါဘူး''ဟု ဖွန်ဆီကာက ပြောကြားခဲ့သည်။

၎င်းက ယင်းပွဲ၌ ပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိလိုကြောင်းလည်း ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် နည်းပြ ပီအိုလီနှင့် နွေရာသီတွင် လမ်းခွဲခဲ့ပြီးနောက် ဖွန်ဆီကာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent