MLWC-9 ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၏ အဓိကတွဲဆိုင်းများထုတ်ပြန်ခဲ့ပြီး ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်း၊ ရာမာဉ်နှင့် အောင်ခိုင် ထိုးသတ်မည်  

MLWC-9 ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၏ အဓိကတွဲဆိုင်းများထုတ်ပြန်ခဲ့ပြီး ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်း၊ ရာမာဉ်နှင့် အောင်ခိုင် ထိုးသတ်မည်  
Photo: MLWC
Photo: MLWC
Published 16 September 2024

မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ်(MLWC) အဖွဲ့အစည်းသည် MLWC-9  ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပါဝင်မည့် အဓိက ခေါင်တွဲဆိုင်းများကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

MLWC-9 ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို လာမည့်စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အဓိက ခေါင်တွဲဆိုင်းအဖြစ် မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲအမည်ဖြင့် လက်ရှိချန်ပီယံ ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူ လူငယ်တက်လူ ပထမတန်းလက်ဝှေ့ကျော် ကျော်စွာဝင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်း ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲမှာ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ပြဠာန်းထားသည့် စည်းမျဉ်းသစ်အတိုင်း ၇ ချီ၊ အနားတောင်း၊ အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် ၂၀၁၄ ခုနှစ်က စောငမန်းကို အလဲထိုးစနစ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်အလွတ်တန်းချန်ပီယံဖြစ်ခဲ့သည်။

ထို့ နောက် ထွန်းထွန်းမင်းသည် ၂၀၁၆ ခုနှစ်တွင် ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့်အလဲထိုးစနစ်  နှစ်ကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမတစ်ကြိမ်တွင် သရေကျပြီး ဒုတိယတစ်ကြိမ်တွင် ရှုံးနိမ့်ခဲ့သည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်သည် တတိယအကြိမ် မကျေပွဲအဖြစ် ၂၀၁၈ ခုနှစ်တွင် ထပ်မံထိုးသတ်ခဲ့ရာ သရေကျခဲ့ပြန်သည်။

ထွန်းထွန်းမင်းသည် စောငမန်းကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဟု သတ်မှတ်ခံရပြီးနောက် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စောဂေါမူဒိုကို အနိုင်ရခဲ့ပြီး ရာမာဉ်နှင့် သရေကျခဲ့သည်။

ထွန်းထွန်းမင်းသည်  ၂၀၂၃ ခုနှစ်တွင် သွေးသစ်ဝင်းလှိုင်နှင့် နှစ်ပွဲထိုးသတ်ခဲ့ပြီး အမှတ်ပေးစနစ်တွင် ရှုံးနိမ့်ခဲ့သော်လည်း အလဲထိုးစနစ်တွင် သရေကျခဲ့သည်။

လက်ရှိတွင် ထွန်းထွန်းမင်းသည် အလဲထိုးစနစ်၌ ရှုံးနိမ့်ထားခဲ့သည့် ကနေဒါဖိုက်တာ ဒေ့ဗ်မှာ ကစားသမားဘဝမှ အနားယူသွားခဲ့ပြီဖြစ်သောကြောင့် မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် ကျော်စွာဝင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည်နောက်ဆုံးပွဲများအဖြစ်  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပသည့် TGL-3  ပြိုင်ပွဲ၌ သွေးသစ်ဝင်းလှိုင်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက်တွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ သွေးသစ်ဝင်းလှိုင်နှင့် ပူးတွဲသရေကျခဲ့သည်။

ထွန်းထွန်းမင်းသည် ၂၀၂၃ ခုနှစ် သြဂုတ်က နောက်ဆုံးထိုးသတ်ထားခဲ့သောကြောင့်  ပွဲဝေးနေသည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

ကျော်စွာဝင်းသည် ယခုနှစ်အတွင်း ကျင်းပသည့် TGL-6 ပြိုင်ပွဲအလဲထိုးစနစ်တွင် သွေးသစ်ဝင်းလှိုင်နှင့် သရေကျခဲ့သလို ပြီးခဲ့သည့် ဇွန်လအတွင်း နောက်ဆုံးထိုးသတ်ခဲ့သည့် TGL-7 ပြိုင်ပွဲ အလဲထိုးစနစ်တွင် အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုးနှင့် သရေကျခဲ့သည်။

MLWC သည် MLWC-9 ပြိုင်ပွဲ၏ အဓိကတွဲဆိုင်း နှစ်ဆိုင်းကိုသာ ထုတ်ပြန်ထားသေးပြီး ကျန်တွဲဆိုင်းများကို ဆက်လက်ကြေညာမည်ဖြစ်သည်။ 

Most Read

Most Recent