လေပွေလှိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် လေးခုတွင် မိုးထစ်ချုန်းရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်ဟု မိုးဇလ ထုတ်ပြန်

လေပွေလှိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် လေးခုတွင် မိုးထစ်ချုန်းရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်ဟု မိုးဇလ ထုတ်ပြန်
Published 13 September 2024

လေပွေလှိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်လေးခုတွင် မိုးထစ်ချုန်းရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ ရက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိပေးထားသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့်  ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလ ဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

Most Read

Most Recent