ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက် အပြည့်အဝတာဝန်ယူသည်ဟု ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်ပြောကြားခဲ့ပြီး အချိန်လိုအပ်သည်ဟု အကြောင်းပြ

ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက် အပြည့်အဝတာဝန်ယူသည်ဟု ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်ပြောကြားခဲ့ပြီး အချိန်လိုအပ်သည်ဟု အကြောင်းပြ
Photo: Getty Images
Photo: Getty Images
Published 8 July 2024

ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်က ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရခြင်းအတွက် အပြည့်အဝတာဝန်ယူကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ကွာတားဖိုင်နယ်တွင် ဥရုဂွေးအသင်းအား ပယ်နယ်တီအဆုံးအဖြတ်၌ (၂-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်အသင်းသည် ပြိုင်ပွဲမစမီက အာဂျင်တီးနား၏နောက် ဒုတိယရေပန်းအစားဆုံးအဖြစ် ရပ်တည်ခဲ့သော်လည်း ပြိုင်ပွဲ၌ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

အုပ်စုအဆင့်၌ ပါရာဂွေးအသင်းကိုသာ အနိုင်ရရှိပြီး ကော်စတာရီကာ၊ ကိုလံဘီယာတို့နှင့် သရေကျခဲ့သည့်အတွက် (၅)မှတ်သာရရှိပြီး ကိုလံဘီယာ၏အောက် အုပ်စုဒုတိယသာ ရရှိခဲ့သည်။

ထို့ကြောင့် ကွာတားဖိုင်နယ်တွင် တစ်ဖက်အုပ်စု၌ ရာနှုန်းပြည့်အနိုင်ရရှိခဲ့သည့် ဥရုဂွေးအသင်းနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကွာတားဖိုင်နယ်တွင် ဥရုဂွေးနောက်ခံလူ နန်ဒက်ဇ် (၇၄)မိနစ်တွင် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဘရာဇီးလ်အသင်းအနေဖြင့် မိနစ်(၂၀)နီးပါး တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း အခွင့်အရေးမယူနိုင်ခဲ့ခြင်းကြောင့် ပယ်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။

ယင်းအတွက် ပွဲအပြီးတွင် ဒိုရီဗယ်လ်က တာဝန်ယူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီအလုပ်ရဲ့ပုံစံက စိတ်ရှည်သည်းခံနိုင်မှုပမာဏ  အများကြီးလိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ရလဒ်တွေ မဟုတ်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဒီအတွက် ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ဒါပေမဲ့ ဒီအသင်းက တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ့် အရင်းအမြစ်တွေ ရှိနေတယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဒိုရီဗယ်လ်သည် ဘရာဇီးလ်လက်ရွေးစင်အသင်းကို ဇန်နဝါရီလကမှ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လုံလောက်သည့် ပြင်ဆင်ချိန်မရခဲ့ကြောင်းလည်း ၎င်းက အကြောင်းပြခဲ့သည်။

ထို့ပြင် လက်ရှိအချိန်၌ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရန်မှာ အဓိကရည်မှန်းချက်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ယခင်နည်းပြ ဒီနစ်ဇ်လက်ထက်တွင် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ နောက်ဆုံး(၃)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်းအား ရာထူးမှထုတ်ပယ်ကာ ဒိုရီဗယ်လ်ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဒိုရီဗယ်လ်လက်ထက်၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ လာမည့် စက်တင်ဘာလတွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် (၄၈)သင်း ပါဝင်သည့်ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမည်ဖြစ်သောကြောင့်  တောင်အမေရိကမှ (၆)သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သော်လည်း ပွဲစဉ်(၆)ပွဲကစားပြီးချိန်တွင် ဘရာဇီးလ်အသင်းမှာ အဆင့်(၆)နေရာသို့  ရောက်ရှိနေသည်။

ထို့ကြောင့် ဒိုရီဗယ်လ်က ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မိမိတို့၏ အဓိကရည်မှန်းချက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent