သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Published 10 June 2024

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစက၏ သတင်းထုတ်ပြန်ချက်အရ NUG လက်အောက်ခံ ရန်ကုန်UG အဖွဲ့ဝင်များသည် ဇွန် ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းပို့ချက်အရ ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး အသက် (၂၆နှစ်)၊ ချိုကြီး (ခ)ဟိန်းထက်အောင် အသက် (၁၈နှစ်)၊ မင်းသူ အသက် (၃ဝနှစ်)၊ မောင်ဟိန်း အသက် (၂၄နှစ်)၊ အောင်သူရထွန်း အသက် (၂၅နှစ်)၊ ပြည့်ဖြိုးဇော် အသက်(၁၈နှစ်)နှင့် ထက်အာကာလင်း အသက်(၂၆နှစ်)တို့ ခုနှစ်ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ ဖြူးစ်နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင် အသက် (၃၈နှစ်)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ သဇင်လမ်း၊ အမှတ် (၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ အသက်(၃၂နှစ်)အား  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံး၊ ဖြူးစ်သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ Brigate Drone Force PDf အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် အာကာမင်းက ဧပြီတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံးချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ကြောင်း၊ သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် လုပ်ကြံပစ်ခတ်ရန်အတွက် မေ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် ဖြူနှင်းအေး (ခ)မီးအိမ်ရှင်က စိန်ကြီး(ခ)အောင်ထွေးအား ဆက်သွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံး၊ လက်ပစ်ဗုံး နှစ်လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့် စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင်တို့ သုံးဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ) အမျိုးသား နှစ်ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ထို့အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင်တို့ ခုနှစ်ဦးသည် ဇွန် ၄ ရက်မှ ဇွန် ၈ ရက်အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ယာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ငါးကြိမ် သွားရောက်ကြည့်ရှု့ခဲ့ကြောင်း၊ ထို့နောက် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် "ဘုရင်ကြီး" သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ်သတ်မှတ်ခဲ့ပြီး ဇွန် ၈ ရက် တံတားဖွင့်ပွဲအခမ်းအနား ကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း နစကက ထုတ်ပြန်သည်။

Most Read

Most Recent