တံကောက်ကြောဒဏ်ရာကြောင့် အီဂျစ်အသင်း၏ ပွဲစဉ်နှစ်ပွဲကို ဆာလာ လွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

တံကောက်ကြောဒဏ်ရာကြောင့် အီဂျစ်အသင်း၏ ပွဲစဉ်နှစ်ပွဲကို ဆာလာ လွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 21 January 2024

 

အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာအနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က ဂါနာအသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပေါ်လဲကျသွားပြီးနောက် ဆေးကုသမှုခံယူခဲ့ရသည်။ အီဂျစ်အသင်းဆေးအဖွဲ့က ၎င်းအနေဖြင့် ဆက်မကစားနိုင်တော့ဟု ဆုံးဖြတ်ခဲ့သောကြောင့် ပထမပိုင်းမပြီးခင် ၄၅+၂ မိနစ်တွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။

ဆာလာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က "အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် မိုဟာမက်ဆာလာကို စစ်ဆေးမှုအရ ၎င်းဟာ တံကောက်ကြောဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့ပါ တယ်။ သူက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နောက်လာမယ့်ပွဲစဉ်နှစ်ပွဲ လွဲချော်မှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ခဲ့သည်။

ဆာလာ၏ဒဏ်ရာသတင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ရုန်းကန်နေရသည့် အီဂျစ်အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ အီဂျစ်အသင်းသည် အုပ်စု ပွဲစဉ် နှစ်ပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ အဖွင့်ပွဲ၌ မိုဇမ်ဘစ်အသင်းနှင့် (၂-၂) ဂိုးစီ သရေ၊ ဒုတိယပွဲ၌ ဂါနာအသင်းနှင့် (၂-၂) ဂိုးစီ သရေကျထားသည်။ အုပ်စု (B) တွင် ကိတ်ဗာဒီအသင်းက ခြောက်မှတ်ဖြင့် ရှုံးထွက်အဆင့် တက်ရောက်သွားပြီဖြစ်ပြီး အီဂျစ် အသင်းက နှစ်မှတ်၊ မိုဇမ်ဘစ်နှင့် ဂါနာအသင်းက တစ်မှတ်စီရရှိထားသည်။ 

ယခုဒဏ်ရာ အခြေအနေအရ ဆာလာအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ကိတ်ဗာဒီအသင်းနှင့်ကစားရမည့် အုပ်စုနောက်ဆုံးပွဲစဉ်အပြင် ရှုံးထွက်အဆင့်တက်ရောက်နိုင်ပါက ၁၆ သင်းအဆင့် ပွဲစဉ်ကိုပါ လွဲချော်မည်ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှသာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေသည်။ 

ဆာလာသည် ယခုပြိုင်ပွဲတွင် တစ်ဂိုးသွင်းယူပေးထားပြီး မိုဇမ်ဘစ်အသင်း နှင့်ပွဲ၌ ၉၀+၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုပထမ၊ ဒုတိယအသင်းများနှင့် အုပ်စု တတိယအသင်းများအနက် အကောင်းဆုံးလေးသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent