Tetris ဂိမ်းကို အနိုင်ကစားသည့် ပထမဆုံး လူသားဖြစ်လာသော အမေရိကန်ဆယ်ကျော်သက်

Tetris ဂိမ်းကို အနိုင်ကစားသည့် ပထမဆုံး လူသားဖြစ်လာသော အမေရိကန်ဆယ်ကျော်သက်
Photo-AFP
Photo-AFP
Published 7 January 2024

အမေရိကန် ဆယ်ကျော်သက်သည် Tetris ကွန်ပျူတာဂိမ်းကို အနိုင်ကစားခဲ့သည်။ အဆိုပါဂိမ်းကို ယခင်က AI ကသာ အနိုင်ကစားနိုင်ခဲ့သည်။

အသက် ၁၃ နှစ်အရွယ် ဝီးလစ်ဂစ်ဘ်ဆင်ကို ဘလူးစကူတီဟုလည်း ခေါ်သည်။ သူသည် အပြိုင်အဆိုင် ဂိမ်းဆော့သူတစ်ဦးဖြစ်သည်။ သူသည် Nintendo ဂိမ်းကို ပထမဆုံး အနိုင်ကစားသည့် လူသားဖြစ်လာသည်။ သူ့အောင်မြင်မှုကို ဘဝတူ ဂိမ်းကစားဖော်များက အွန်လိုင်းတွင် မျှဝေလျက်ရှိကြသည်။

မိနစ် ၄၀ ကျော် ကစားရသော ဂိမ်းအပြီးတွင် ဝီးလစ်သည် “ဘုရား၊ ဘုရား”ဟု အကြိမ်ကြိမ် အော်ခဲ့သည်။ သူသည် ဂိမ်းအနိုင်ဆော့ထားသော ဗီဒီယိုကို လွန်ခဲ့သောသီတင်းပတ်ထဲတွင် Youtube ၌ တင်ခဲ့သည်။

“လက်ချောင်းတွေ လှုပ်မရဖြစ် ကုန်ပါတယ်” ဟု သူက စိတ်လှုပ်ရှားစွာပြောသည်။

အိုကလာဟိုးမားပြည်နယ်က ဝီးလစ်၏ စိတ်ခံစားမှုသည် ဂိမ်းကစားနေသည့် စောစောပိုင်း ၃၅ မိနစ် လောက်ကအနေအထားနှင့် တခြားစီဖြစ်နေသည်။ သူသည် ဂိမ်းကစားနေတုန်းက ကွန်ထရိုလာပေါ် လက် ချောင်းများကို လျင်မြန်စွာ ဆွဲချလျက် မလှုပ်မယှက် ထိုင်နေခဲ့သည်။

အွန်လိုင်းကလည်း ကစား၍ရသလို ကိုယ်တိုင်လည်းကစားနိုင်သည့်  Tetris ဂိမ်းပြိုင်ပွဲများကို ဝင် ကစားနေသော ဂိမ်းဝါသနာအိုးများ၏ အသိုက်အဝန်းအတွက် ကြီးကြီး မားမား အောင်မြင်မှုပင်ဖြစ်သည်။

“ဒီဂိမ်းကို အရင်တုန်းက လူက နိုင်အောင် ဆော့လို့မရခဲ့ပါဘူး”ဟု  Classic Tetris ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ ဥက္ကဋ္ဌ ဗင့်စ်ကလီးမင့်က  ပြောသောစကားကို နယူးယောက်တိုင်း(မ်)သတင်းစာက ဖော်ပြခဲ့သည်။

“ပြောရမယ်ဆိုရင် ဒီဂိမ်းဟာ အနိုင်ဆော့ဖို့မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိ လူတိုင်း ကထင်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆိုဗီယက်ဆော့ဝဲ အင်ဂျင်နီယာတစ်ဦး၏ ဖန်တီးမှုဖြစ်သည့် Tetris ဂိမ်းသည် ရိုးရိုးဂိမ်းဖြစ်သည်ဆိုသော်လည်း စွဲတတ်သော ဂိမ်းဖြစ်သည်။ ကစားသူများသည် ဘူးတစ်ခုအတွင်း ပြုကျလာသော ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် အတုံးများကို စီ၍ သေတ္တာအတွင်း၌ မျဉ်းကြောင်းများကို ဖန်တီးရသည်။

မျဉ်းကြောင်းတစ်ကြောင်းသို့မဟုတ် သုံးလေးကြောင်း ဖန်တီးပြီးသည်နှင့်တစ်ပြိုင်တည်း မျဉ်းကြောင်းသည် ပျောက်သွားရာ ပြုတ်ကျလာသော အတုံးများကို ပြန်စီရန် နေရာလပ်များဖြစ်ကုန်ပြီး အချိန် လည်းလိုအပ်လာသည်။

ဂိမ်းကစားသူသည် အဆင့်တက်လာသည်နှင့်အမျှ အတုံးများ ကျဆင်းမှုက ပိုမြန်လာသည်။ အဆင့် ၂၉ အထိ ထိုအတိုင်း ဆော့သွားရခြင်းဖြစ်သည်။ အဆင့် ၂၉ သည် ပွဲပြီးသွားပြီဟု လက်ခံထားသည်မှာ ကြာပြီဖြစ်သည်။ အဆင့် ၂၉ သည် လူသားတို့ တုံ့ပြန်ရန် အတုံးများ ရွေ့လျားမှု လျင်မြန်လွန်းသည့်အဆင့် ဟု ယူဆထားသည်။

သို့ရာတွင် လွန်ခဲ့သောနှစ်များအတွင်းတွင် တီထွင်ဖန်တီးမှုများ ဆက်တိုက်လုပ်ဆောင်မှုများက ထို အဆင့်ထက်ကျော်၍ ဆက်ကစားနိုင်ကြောင်း တွေ့လာရသည်။ ထို့ကြောင့် ကစားသူများသည် အဆင့် ၂၉ အထက်အဆင့်များကို ဆက်လက်ကစားခဲ့ကြသည်။

အပြိုင်အဆိုင်ဂိမ်းကစားသူများသည် code များ ထွက်လာမှုတန့် သွားပြီး ဂိမ်းရပ်သွားမည့် အမှတ် တစ်ခုရှိနေကြောင်း သိထားသည်မှာ ကြာပြီဖြစ်သည်။ သို့ရာတွင် ထိုအမှတ်ကို ရောက်အောင်ကစားနိုင် သည်မှာ ကွန်ပျူတာကသာ လုပ်နိုင်သည်ဟု လက်ခံထားကြသည်။

ဝီးလစ်သည် အဆင့် ၁၅၇ ကို ရောက်နေသည့် ဒီဇင်ဘာ ၂၁ ရက်တွင် အတုံးလေးတစ်တုံးကျလာပြီး အတုံးများဖြင့်ဆက်ထားသည့် မျဉ်းတစ်ကြောင်းပေါ်လာပြီး မျဉ်းကြောင်းပျောက်သွားကာ ဂိမ်းသည် ရပ်သွားသည်။          

ဝီးလစ်၏ကစားဖော်များသည် စိတ်လှုပ်ရှားခဲ့ကြပြီး ဝီးလစ်နိုင်သွားသည့်အကြောင်း livestream  လွှင့် ခဲ့ကြသည်။ Tetris ဂိမ်းကစားသူ ဂျပ်စတင်ယူသည် livestream  လွှင့်ကာ ဝီးလစ်နိုင်သွားပြီဟု အော်ခဲ့သည်။

Tetris အမှုဆောင်ချုပ်မာယာ ရော်ဂျာသည် အောင်ပွဲခံရာတွင် ပါဝင်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဂိမ်း၏အနှစ် ၄၀ ပြည့် နှစ်ပတ်လည် မတိုင်မီ ချိန်သားကိုက်အောင်မြင်မှုဖြစ်သည်ဟု ရော်ဂျာက popsci.caom ကို ပြောကြားခဲ့သည်။

“ဤထူးကဲသော အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဘလူးစကူတီကို ချီးကျူးပါသည်။ ဤဂန္တဝင်ဂိမ်း ၏အများလက်ခံထားသော အတားအဆီးများကို ကျော်လွန်သွားသော  အောင်မြင်မှုဖြစ်သည်”ဟု ရော်ဂျာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tetris ဂိမ်းကို ဆိုဗီယက်ဆော့ဝဲအင်ဂျင်နီယာ အလက်ဇီပါဂျစ်နော့က ၁၉၈၅ ခုနှစ်တွင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး puzzle video game အမျိုးအစားဖြစ်သည်။ ဤဂိမ်းကို ကုမ္ပဏီအမျိုးမျိုးက ဖြန့်ချိခဲ့ရာ Nintendoလည်း ဖြန့်ခဲ့သည်။         Ref:AFP

Most Read

Most Recent