၂၀၂၄ လကမ္ဘာခရီးစဉ်တွင်ဖွင့်ရန် နာဆာက ရွေးချယ်ထားသည့် သီချင်းများ၌ BTS အဖွဲ့၏ သီချင်းသုံးပုဒ်ပါဝင်

၂၀၂၄ လကမ္ဘာခရီးစဉ်တွင်ဖွင့်ရန် နာဆာက ရွေးချယ်ထားသည့် သီချင်းများ၌ BTS အဖွဲ့၏ သီချင်းသုံးပုဒ်ပါဝင်
Published 4 January 2024

ဂီတလှုပ်ရှားမှုများ ရပ်နားထားသော်လည်း BTS အဖွဲ့၏ အောင်မြင်မှုခြေလှမ်းများက ရပ်တန့်မသွားပေ။ ယခုလည်းအမေရိကန် အာကာသအေဂျင်စီ နာဆာက လကမ္ဘာခရီးစဉ်အတွင်းဖွင့်ရန် BTS အဖွဲ့လိုက်သီဆိုထားသည့် သီချင်းနှစ်ပုဒ်နှင့် အဖွဲ့ဝင်အာအမ် တစ်ကိုယ်တော်သီဆိုထားသည့် သီချင်းတစ်ပုဒ်ကို  ရွေးချယ်လိုက်သည်။

လက်ရှိ BTS အဖွဲ့ဝင်ခုနစ်ဦးစလုံးက စစ်မှုထမ်းနေသဖြင့် ၎င်းတို့ဂီတလှုပ်ရှားမှုများကို ၂၀၂၅ ခုနှစ်၊ နှစ်လယ်မတိုင်မချင်း မြင်ရဦးမည်မဟုတ်ပေ။

နာဆာက ၂၀၂၄ လကမ္ဘာခရီးစဉ်အတွက်  အာကာသနှင့်သက်ဆိုင်သည့် Moon Tunes Playlist သီချင်းစာရင်းပြုလုပ်ထားပြီး BTS အဖွဲ့ဝင် အာအမ်သီဆိုထားသည့် Moonchild သီချင်းနှင့် BTS သီဆိုထားသည့် Mikrokosmos သီချင်း၊ 1 3 4 3 4 0 သီချင်းတို့ကို ရွေးချယ်ထားသည်။အာကာသခရီးတွင် ဖွင့်ရန် ယခုကဲ့သို့ တစ်ကိုယ်တော်သီချင်း အရွေးခံရခြင်းမှာ ကေပေါ့လောကတွင် BTS အဖွဲ့ခေါင်းဆောင်အာအမ်(အမည်ရင်းကင်နမ်ဂျွန်) တစ်ဦးတည်းသာ ရှိသေးသည်။

လကမ္ဘာသို့ လူသားများ ပထမဆုံးခြေချခဲ့သည့် အပိုလို-၁၁ အမေရိကန်အာကာသခရီးစဉ် နှစ် ၅၀ ပြည့်အထိမ်းအမှတ် လကမ္ဘာ ခရီးစဉ်တစ်ခုကို ၂၀၂၄ ခုနှစ်တွင် နာဆာက ပြင်ဆင်ထားပြီး ထိုခရီးစဉ်တွင်ဖွင့်မည့် သီချင်းများကို Moon Tunes အမည်ဖြင့် စာရင်းလုပ်ထားသည်။

BTS အဖွဲ့၏ နောက်ထပ်အောင်မြင်မှုကိုပြရလျှင် ဇန်နဝါရီ ၂ ရက်က ပြုလုပ်သည့်  ၃၃ ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲကို ပြရမည်။ဘန်ကောက်တွင် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားတွင် ပထမဆုံးကျင်းပမှု ဖြစ်သည်။

ဆုပေးပွဲတွင် BTS အဖွဲ့ဝင်ဂျန်ကွတ်၊ ဂျီမင်နှင့် ဗွီတို့က ဘွန်ဆန်ခေါ်အဓိကဆုကို  ဆွတ်ခူးခဲ့ပြီး  ဗွီက Fan Choice of the Year ဆုပါ ရသွားသည်။ World Trend Artist ဆုကိုလည်း BTS ကပင်ရခဲ့သည်။

မနှစ်က နိုဝင်ဘာတွင်ကျင်းပသည့် MAMA Awards ဆုပေးပွဲတွင်လည်း BTS က Worldwide Icon of the Year ဆုကို ရခဲ့သည်။ထိုဆုကို ခြောက်နှစ်ဆက်တိုက်ရခြင်း ဖြစ်သည်။

ပရိသတ်ရွေးချယ်မှုဖြင့်ပေးအပ်သည့် Worldwide Fans Choice ဆုကလည်း BTS အတွက်ပင်ဖြစ်ခဲ့သည်။ သို့သော် ဆုပေးပွဲကို BTS အဖွဲ့မတက်ခဲ့ဘဲ အသက်အငယ်ဆုံး အဖွဲ့ဝင်ဂျန်ကွတ်က ဗီဒီယိုဖြင့် ကျေးဇူးတင်စကားပြောခဲ့သည်။

Most Read

Most Recent