ပဋိပက္ခဖြစ်ပွားမှုအရှိန် ဆက်လက်မြင့်မားလာခြင်းမရှိလျှင်ပင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေမည့်အပြင် အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးလေ့လာ စောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခအခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုအတားအဆီးများ၊ ကျပ်ငွေတန်ဖိုးမတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေပေါင်းစုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအပေါ် အနှုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများဖြစ်ပေါ် လျက်ရှိရာကာလတိုအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိသည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာက ဆိုသည်။
“ပဋိပက္ခကြားမှ စိန်ခေါ်မှုများ”ဟု အမည်ပေးထားသည့်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် မတ် ၂၀၂၄ အထိ တစ်နှစ်အတွင်း တစ်ရာခိုင်နှုန်းသာ ရှိသည်ဟုခန့်မှန်းသည်။ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံတွင်း ပဋိပက္ခများ ဖြစ်ပွားမှုမြင့်တက်လာခဲ့ရာ လူဦးရေငါးသိန်း ကျော်ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ကုန်သွယ်မှုလမ်းကြောင်းများကို ထိခိုက်စေကာ ကုန်စည် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခဲ့သည်။
ပဋိပက္ခဖြစ်ပွားမှုအရှိန် ဆက်လက်မြင့်မားလာခြင်းမရှိလျှင်ပင် လာမည့် ၂၀၂၄ ခု နှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေမည့်အပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့်လာနေ နိုင်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးပမာဏ သည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျလျက်ရှိသောကြောင့် အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည် ဟုလည်း ဖော်ပြထားသည်။
“စီးပွားရေးအခြေအနေတွင် ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်စျေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအ တွက်သာ သုံးစွဲနေရတဲ့၊ ကုန်စျေးနှုန်းမြင့်တက် မှုပိုမြန်တဲ့ဒေသတွေမှာ နေထိုင်ရတဲ့အခြေခံ လူတန်းစားများကို ပိုပြီးထိခိုက်စေပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုပြည်သူ့သမ္မတနိုင်ငံ တော်ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားသည်။
စီးပွားရေးလုပ်ငန်းညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ် နှစ်လယ်ကတည်းက ဆိုးရွားလာနေခဲ့သည်။ စက်တင်ဘာလတွင် ၎င်းတို့ လုပ်နိုင်စွမ်း၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်းများက မတ်လမှစတင်၍ ၁၆ ရာခိုင်နှုန်းခန့် ပိုမိုကျဆင်းသွားခဲ့သည်ဟုဆိုသည်။ လက်လီအရောင်းသမားများအတွက် အရောင်းကျဆင်းလာခြင်းက အဓိကစိန်ခေါ်မှုဖြစ်သည်။
“စီးပွားရေးလုပ်ဆောင်နိုင်တဲ့အခင်းအကျင်း ကျဆင်းလာမှုနဲ့အတူ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံများဟာ ရင်းနှီးမြှုပ်နှံမှုနဲ့တိုးချဲ့နိုင်ဖို့အတွက်မဟုတ်ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီးအာရုံစိုက်နေကြရပါတယ်။ မကြာသေးခင်က ဖြစ် ပေါ်တိုးတက်ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအလားအလာအပေါ်အများကြီး အဟန့်အတားဖြစ်စေနိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဦးဆောင်သူနှင့်အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန် အဒ်ဝပ်က ပြောကြားခဲ့သည်။