ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဟီးလောင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး လူဦးရေ ၂၀၀ ခန့် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွားခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်ခန့်မှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နို့စို့ကလေးငယ်သုံးဦးမှာ စိုးရိမ်ရသဖြင့် မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ထားရကာ အခြားဖျားနာသူများမှာ ဆိုးဆိုးရွားရွား ဖျားနာမှုမရှိကြောင်းနှင့် သေဆုံးသူမရှိကြောင်း ဟီးလောင်းရွာသား ဦးလိန်းရှိမ်းအွမ်က ပြောကြားသည်။
“စဖြစ်တာတော့ ၁၅ ရက်လောက်က တစ်ယောက်စ နှစ်ယောက်စ စဖြစ်တာပေါ့။ နှာစေးချောင်းဆိုးလိုက် ဆေးသောက်လိုက် ပြန်သက်သာလိုက်ဖြစ်ပြီး အဲဒီကနေတစ်ဆင့် တစ်ယောက်ပြီး တစ်ယောက် ကူးသွားတယ်ထင်ပါတယ်။ တစ်ရွာလုံးနီးပါး ဖြစ်သွားတာပေါ့။ တအားကြီး အသည်းအသန်ဖြစ်တာတော့ မရှိပါဘူး။ ဖျားတာက နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်တွေကိုက်ခဲပြီး ဖျားကြတာပေါ့။ အခုချိန်အထိတော့ တအားကြီး အသက်အန္တရာယ် စိုးရိမ်ရမယ့် အခြေအနေတော့ မရှိသေးဘူး။ နို့စို့ကလေးသုံးယောက်ကိုတော့ နည်းနည်းစိုးရိမ်ရတာနဲ့ မင်းတပ်ခရိုင် ဆေးရုံကို တင်လိုက်ရတယ်။ လူကြီးတွေတော့ ဆေးရုံတင်ရတာမရှိဘူး” ဟု ဦးလိန်းရှိမ်းအွမ်က ပြောကြားသည်။
ဖျားနာသူများသည် နှာစေး၊ ချောင်းဆိုး၍ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာကြကာ ကလေးငယ်များမှာမူ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားကြောင်းနှင့် မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံမှ ဆေးဝါးကုသသည့် ကျန်းမာရေးအဖွဲ့ နှစ်ကြိမ်စေလွှတ်ခဲ့ကြောင်း သိရသည်။
“ထူးထူးခြားခြား ဖျားနာတာတော့ မဖြစ်ကြပါဘူး။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက် ကိုက်ခဲပြီး ဖျားကြတာပေါ့။ ကလေးတွေမှာတော့ နှာခေါင်းသွေးယိုတာဖြစ်တယ်။ ပထမမှာ ကလေးခုနစ်ယောက်က နှာခေါင်းသွေးယိုတော့ ကျွန်တော်တို့က စိုးရိမ်တာနဲ့ ဆေးပေးခန်းသွားပြတော့ ဘာလက္ခဏာမှမရှိဘူးလို့ ပြောတယ်။ နောက်ပြီး နှာခေါင်းသွေးယိုတဲ့ ကလေးတွေက နှာခေါင်းသွေးယိုပြီးရင် သိပ်မကြာဘူး သက်သာလာပြီး မဖျားတော့ဘူး။ အဲဒါနဲ့ နှာခေါင်းသွေးယိုရင် သက်သာပြီဆို ပြီးတော့တောင် ပြောနေကြတာ။ လူကြီးတွေတော့ နှာခေါင်းသွေးယိုတာနည်းတယ် သိပ်မရှိဘူး။ တစ်နေ့က ကျန်းမာရေးဝန်ထမ်းလေးယောက်လာပြီး ဆေးဝါးကုသပေးတယ်။ ဆေးတွေပေးတယ်။ မနေ့ကတော့ ကျန်းမာရေးဝန်ထမ်း ၁၂ ယောက် ထပ်လာပြီး ဆေးဝါးကုသမှု ထပ်ပေးတယ်။ ပညာပေးဟောပြောတာတွေပါ လုပ်တယ်” ဟု ဦးလိန်းရှိမ်းအွမ်က ပြောကြားသည်။
ဟီးလောင်းကျေးရွာသည် မင်းတပ်မြို့နှင့် ၁၈ မိုင်ကျော်ကွာဝေးပြီး အိမ်ခြေ ၇၂ အိမ်နှင့် လူဦးရေ ၂၀၀ ကျော် နေထိုင်ကြောင်း သိရသည်။ ရာသီတုပ်ကွေး ဖျားနာမှုတွင် လတ်တလော၌ ဟီးလောင်းကျေးရွာတစ်ရွာတည်းသာ ဖျားနာမှုဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဖျားနာမှုမရှိကြောင်း သိရသည်။













