တေးသံရှင် ဖိုးကာ၏ ငယ်ဘဝဖြတ်သန်းရာ

တေးသံရှင် ဖိုးကာ၏ ငယ်ဘဝဖြတ်သန်းရာ
Published 3 November 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရ ကဏ္ဍမှာတော့ “တစိမ့်စိမ့်ကြည့်” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့ပြီး ယနေ့အချိန်အထိ ဂီတလောကမှာ နေရာတစ်ခု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ဖိုးကာရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အကြောင်းတွေကို တင်ဆက် ပေးလိုက်ပါတယ်။
ဖိုးကာကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် မှာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
“ကျွန်တော့်ကို အမေက လှည်းကူးမြို့ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာပါ။ ငယ်ငယ်ကတည်းက ကျွန်တော်က အစအနောက် အရမ်းသန်တယ်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကလေးမျိုးထဲမှာ ပါတယ်။ အဖေက မြို့ပြအင်ဂျင်နီယာပါ။ အဖေတာဝန်ကျရာ နယ်မြို့တွေမှာ ပြောင်းရွှေ့နေခဲ့ရတာတော့ အမှတ်တရပါပဲ” လို့ သူ့ရဲ့ငယ်ဘ၀ ဖြတ်သန်းမှု အကြောင်းကို ပြောပါတယ်။ မွေးချင်းလေးယောက်အနက် တတိယမြောက် ဖြစ်ပြီး သူ့အထက်မှာတော့ အစ်ကိုနဲ့ အစ်မ၊ သူ့အောက်မှာတော့ ညီမအငယ်ဆုံး လေးတစ်ယောက် ရှိတယ်လို့ သိရပါတယ်။
“ကျောင်းကပွဲတွေ၊ ရပ်ကွက်ထဲမှာ ရာသီအလိုက် ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ဆိုရင်လည်း ကျွန်တော်အမြဲ ပါဝင်လေ့ရှိတယ်။ ဦးလေးတွေနဲ့ နေတာများတော့ သူတို့က ဂီတာတီးတာတွေ ဘာတွေလည်း သင်ပေးတော့ ကျွန်တော် ၆ တန်း နှစ်လောက်ကတည်းက ဂီတာတီးတတ်နေပြီ၊ စာဖတ်ရတာလဲ ဝါသနာပါတယ်။ ကဗျာတွေလည်း ကိုယ့်ဘာသာကိုယ် ကျောင်းသားဘဝထဲက လျှောက်ရေးနေတတ်တယ်” လို့ သူကပြောပါတယ်။ ဖိုးကာက စာရေးဆရာ နွမ်ဂျာသိုင်းရဲ့ တူလည်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက သုတ၊ ရသ စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုလေ့ရှိသူလည်း ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးတင်စိုး၊ မိခင်ဖြစ်သူ ဒေါ်ခင်ဝင်းတင့်တို့ရဲ့ သားတစ်ဦးဖြစ်တဲ့ ဖိုးကာရဲ့ နာမည်အရင်းကတော့ “စိုးအာကာမင်း” ပဲဖြစ်ပါတယ်။ သူက ကျောင်းသားဘဝမှာ သုံးခွမြို့ အထက်တန်းကျောင်းနဲ့ အထက (၁) မှော်ဘီကျောင်းတို့မှာ တက်ရောက်ခဲ့ပြီး ဆယ်တန်းနှစ်မှာ ကတည်းက ဂီတအလုပ်တွေလုပ်ရင်း သူ့ဘဝကို ရပ်တည်သွားဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။
“ငယ်ငယ်ကတည်းက ဂီတကို ဝါသနာပါတယ်။ ဒရမ်လဲတီးတယ်၊ ဂစ်တာလည်း တီးတယ်။ ကိုယ့်ဘာသာကိုယ် သီချင်းတွေလည်း ရေးကြည့်တယ်။ ဆယ်တန်းနှစ်လောက် ရောက်တော့ ကိုယ်ဒါကို တကယ် ဝါသနာပါတယ်ဆိုတာ သေချာသွားတဲ့အတွက် ဂီတနဲ့ ရပ်တည်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဂီတလုပ်တွေကို သေချာလေး လုပ်ဖြစ်တာက ၁၉၉၇ လောက်မှာပေါ့။ ၁၉၉၇ မှာ ကျွန်တော့်ရဲ့ ပထမဆုံး “မှန်တစ်ချပ်ရဲ့ အိမ်မက်” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး စထွက်ခဲ့တာပါ။ အဲဒီတုန်းက ပရိသတ်တွေ
ကျွန်တော်ကို သိပ်မသိသေးဘူး” လို့ သူကပြောပါတယ်။ သူက RC 2 မှာ ဓာတုဗေဒ အထူးပြု ဘာသာရပ်ကို တက်ရောက် သင်ကြားခဲ့ပြီး B.Sc (Chemistry) ဘွဲ့ရရှိခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ “မျှော်လင့်သော လမ်း” ဆိုတဲ့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလာခဲ့ပြီး အဲဒီစီးရီးထဲက သီချင်းတချို့နဲ့ သူ့ကို ပရိသတ်တွေ သတိထားမိ လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ရောက်တဲ့ အချိန်မှာတော့ “တစိမ့်စိမ့်ကြည့်” ဆိုတဲ့ သူ့ရဲ့ တတိယမြောက် စီးရီးလေးက အထူးအောင်မြင်ခဲ့ပြီး သူ့ကို ဖိုးကာဆိုပြီး ပရိသတ်တွေ တစ်ခဲနက် အသိအမှတ်ပြု အားပေး လက်ခံလာခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “တိုးတိုးလေးပြောပါ” တေးစီးရီးထဲက “လမ်းခွဲ” သီချင်းကလည်း လူငယ်ပရိသတ် ပါးစပ်ဖျားမှာ အထူးရေပန်းစား အောင်မြင်ခဲ့သလို၊ အတွဲစီးရီးတွေမှာလည်း ပါဝင်တဲ့ သူ့ရဲ့သီချင်းတွေ တော်တော်များများကလည်း ပရိသတ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ သူ ဝါသနာပါတဲ့ ဂီတ အလုပ်တွေကို လုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ဖိုးကာက အနာဂတ်မှာလည်း ဂီတ အလုပ်တွေကိုသာ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို သူ့ရဲ့သမီး ဖူးဖူးသစ်ကိုလည်း ဂီတအမွေ လက်ဆင့်ကမ်းပေးလျှက် ရှိပါတယ်။

Most Read

Most Recent