ဆေးပညာကျင့်ဝတ် သာမက သုတေသန၊ ပြည်သူ့ကျန်းမာရေးနှင့် သူနာပြုဆိုင်ရာ ကျင့်ဝတ်များကိုပါ ခေတ်နှင့်လျော်ညီအောင် ပြန်လည်ပြုပြင်နေ

ဆေးပညာကျင့်ဝတ် သာမက သုတေသန၊ ပြည်သူ့ကျန်းမာရေးနှင့် သူနာပြုဆိုင်ရာ ကျင့်ဝတ်များကိုပါ ခေတ်နှင့်လျော်ညီအောင် ပြန်လည်ပြုပြင်နေ
Published 17 October 2016
အိသဉ္ဇာကျော်

ဆေးပညာကျင့်ဝတ် သာမက သုတေသနဆိုင်ရာ ကျင့်ဝတ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျင့်ဝတ်နှင့် သူနာပြုဆိုင်ရာ ကျင့်ဝတ်များကို ဦးစားပေး အနေဖြင့် ခေတ်နှင့်လျော်ညီအောင် ပြန်လည်ပြုပြင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများကို မြန်မာနိုင်ငံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် လိုက်လျောညီထွေရှိပြီး ပြောင်းလဲ တိုးတက်နေသော ဆေးပညာရပ် အဆင့်အတန်းနှင့်အညီ အရည်အချင်းနှင့် ပညာရပ်ဆိုင်ရာ ခံယူချက် ပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်နိုင်ရန် ရည်ရွယ်၍ သင်ရိုးညွှန်းတမ်းများတွင် ဆေးပညာကျင့်ဝတ်နှင့် ဆေးပညာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခံယူချက် ဘာသာရပ်များကို စာသင်နှစ်အလိုက် ထည့်သွင်းနိုင်ရန် ဆွေးနွေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ဆေးပညာကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာများကို ဆေးတက္ကသိုလ် ပထမနှစ်မှစ၍ စတင် သင်ကြားပေးလျက်ရှိပြီး ဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ဘွဲ့ကြို ဘွဲ့လွန်တန်းများတွင် သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများကိုလည်း  ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ထိုကဲ့သို့ သင်ကြားနိုင်ရန် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများတွင် ဆေးပညာ ကျင့်ဝတ်နှင့်အညီ ဆေးပညာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များ စာသင်နှစ်အလိုက် သင်ကြားနိုင်ရေး ဆွေးနွေးပွဲတွင် ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဆရာဝန်များ အနေဖြင့် လူနာများကို ကုသရာ၌ဖြစ်စေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ဖြစ်စေ ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးရန် လိုအပ်ပြီး ဆေးပညာကျင့်ဝတ်များကို နားလည်စေရန်နှင့် ကျင့်ဝတ်ဆိုင်ရာ ဘာသာရပ်များသည် ဆေးပညာ ပုံမှန်သင်ရိုး ညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားရန် လိုအပ်နေခြင်းကြောင့် ဆေးတက္ကသိုလ်များ၊ ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားရန် စီစဉ်ရခြင်းဖြစ်ကြောင်း  သိရသည်။အဆိုပါ ကိစ္စကို ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးပညာသမား ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာများအား ယခင်က 1st MB နှင့် Final Part I သင်တန်းများတွင်သာ သင်ကြားပေးခြင်း ဖြစ်ကြောင်းနှင့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ စာကြည့်တိုက်များတွင် Union Catalogue System အသုံးပြုနိုင်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent