စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ကိုင်ရန် ဧကထောင်သောင်း ရယူထားပြီး ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ဧရိယာများအား ကွင်းဆင်းစစ်ဆေးမည်

စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ကိုင်ရန် ဧကထောင်သောင်း ရယူထားပြီး ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ဧရိယာများအား ကွင်းဆင်းစစ်ဆေးမည်
Published 9 October 2016
စိုးမင်းထိုက်

စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် စီးပွားဖြစ်မွေးမြူရေး လုပ်ကိုင်ရန် ဧကထောင်သောင်း ရယူထားပြီး ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ဧရိယာများအား ကွင်းဆင်းစစ်ဆေးပြီး ခွင့်ပြုဧရိယာ အတွင်းမှ ပယ်ဖျက်နိုင်ရန်နှင့် ခွင့်ပြုမိန့်အား တရားဝင် ပယ်ဖျက်နိုင်ရန် ဆောင်ရွက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောကြားသည်။
အောက်တိုဘာ ပထမပတ်အတွင်း ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးမျိုးဝင်းက ရော်ဘာခြံ၊ ဆီအုန်းခြံ၊ ယူကလစ်ခြံကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် နွားခြံ၊ ငါးကန်၊ ပုစွန်ကန်၊ ကဏန်းကန်ကဲ့သို့ စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ဧကထောင်သောင်းချီသော မြေလွတ်မြေရိုင်းများကို လျှောက်ထားရယူ ထားခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိသည့် အသင်းအဖွဲ့များနှင့် ထိုအသင်းအဖွဲ့များ ရယူပိုင်ဆိုင်ထားသည့် မြေယာများအပေါ် ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက “လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ကာလ လေးနှစ်ကျော်လွန်ပြီဖြစ်တဲ့ အတွက် ခွင့်ပြုဧရိယာအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့ ဧရိယာတွေနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အသစ်ပြင်ဆင် ဖွဲ့စည်းမယ့် ပြည်နယ် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ကြီးကြပ်မှုနဲ့ ကွင်းဆင်းစစ်ဆေးစေ၍ ခွင့်ပြုဧရိယာအတွင်းက ပယ်ဖျက်နိုင်ဖို့အတွက် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ ဗဟိုကော်မတီက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းခွင့်ပြုမိန့်အား တရားဝင် ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဒုတိယဝန်ကြီးက မွန်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မတ်လမတိုင်မီအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့က နှစ်ရှည်ရော်ဘာ စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်အား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအား ဧရိယာ ၂၉၁၄၂ ဒသမ ၈၇၆ ဧက လုပ်ကိုင်ခွင့် ပြုထားသည့်အနက် ၂၅၂၇၅ ဒသမ ၃၇၆ ဧကမှာ ခွင့်ပြုထားသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် ၂၀ ဦး လုပ်ကိုင်ခွင့် ရရှိထားသည့် ဧရိ ယာ ၃၈၆၇ ဒသမ ၅၀ ဧက စိုက်ပျိုးလုပ်ကိုင်ရန် ကျန်ရှိနေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၂ (ဂ) အရ မူလခွင့်ပြု ကာလထက် ကျော်လွန်နေသည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ ၂၂ (ဃ) အရ မူလခွင့်ပြု ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်များကို ချိုးဖောက်ကြောင်း တွေ့ရှိရပါက အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့ပြင် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ နည်းဥပဒေ ၄၈ အရ မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဥပဒေ မပြဋ္ဌာန်း မီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူသည် မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်လျှင် တင်သွင်းထားသော အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်း ခံရမည့်အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည်ဟု လည်းကောင်း၊ နည်းဥပဒေ ၄၉ အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူသည် ယင်းခွင့်ပြုမိန့် ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်းပြီး ခွင့်ပြုမိန့် ထုတ်ပေးသည့် ရက်စွဲနှင့်စာ အမှတ်များကို ပြည့်စုံစွာဖော်ပြပြီး အမှန်တကယ် ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးသော ဧရိယာနှင့် ကျန်ရှိနေသော ဧရိယာများကို ဓာတ်ပုံမှတ်တမ်းများ ပူးတွဲလျက် အထောက်အထား ခိုင်လုံစွာဖြင့် မှတ်တမ်းပြုစုကာ ဗဟိုကော်မတီသို့ တင်ပြရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။
                  

Most Read

Most Recent