နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောသည့် အနာဂတ်ဆိုသော ဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်.....

နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောသည့် အနာဂတ်ဆိုသော ဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်.....
Published 30 September 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောသည့် အနာဂတ်ဆိုသောဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားပူးပေါင်းဆောင်ရွက်လိုစိတ်၊ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးလိုစိတ်များနှင့် ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများကတစ်ဆင့် ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောသည့် အနာဂတ်ဆိုသော ဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။စက်တင်ဘာ ၃၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (Asean Inter-Parlimentary Assembly-AIPA) တွင် အဖွင့် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အစိုးရသစ်၏ ပထမဦးစားပေး လုပ်ငန်းစဉ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးရှိ အစိတ်အပိုင်း အားလုံးအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် သဟဇာတ ဖြစ်ရေးကို ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးချိန်မှစ၍ ဆယ်စုနှစ်နှင့်ချီကာ ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများကို နိဂုံးချုပ် အဆုံးသတ်နိုင်ရန် ယခင်အစိုးရ စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ကြဉ်းပေးဖို့ ရည်မှန်းထားကြောင်း ထည့်သွင်းပြောကြားသည်။“ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ ရှိနေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်တည်လာခဲ့တဲ့ ယုံကြည်မှု ပြို ကွဲခဲ့တာတွေကြောင့် ရှေ့ခရီးမှာ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ယုံမှားသံသယ မရှိပါဘူး။ ဒါပေမဲ့လည်း ပူးပေါင်း ဆောင်ရွက်လိုစိတ်၊ အပေးအယူလုပ် ညှိနှိုင်း ဆွေးနွေး လိုစိတ်တွေနဲ့ ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ကျွန်မတို့ ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောတဲ့ အနာဂတ်ဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့အတူ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍လည်း မတူညီသည့် အသိုင်းအဝိုင်းအကြားတွင် သဟဇာတဖြစ်မှုနှင့် နားလည်မှုများ ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေသည် ရှုပ်ထွေးနက်နဲပြီး နိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်ကာ အာဆီယံဒေသနှင့် ကမ္ဘာ၏ အာရုံစိုက်စရာ၊ စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာကြောင်း၊ အစိုးရသစ်အနေဖြင့် အစိုးရသစ် စတင်ဖွဲ့စည်းချိန်မှစ၍ ယင်း ကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု သေချာစေရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကို စနစ်တကျ စိစစ် ကြပ်မတ်နိုင်ရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် မိမိကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်  “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကိစ္စကို ဘက်ပေါင်းစုံလေ့လာ သုံးသပ် ဖြေရှင်းရာတွင် ကူညီပံ့ပိုးနိုင်ရန်အတွက် ဒေါက်တာ ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုအကြား နားလည်မှုတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် ကျွန်မတို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအသိုင်းအဝိုင်းနှစ်ခုအကြားမှာ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေနဲ့ အစွန်းရောက်မှုတွေကို ဆန့်ကျင်လိုစိတ်တွေ အခိုင်အမာ ဖြစ်ပေါ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်မှာ ဒေသတွင်းနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေပေးကြဖို့ ကျွန်မအနေနဲ့ တောင်းဆိုလိုပါတယ်။ နေ့ချင်း ညချင်း အားလုံးကောင်းအောင်၊ ဘက်စုံ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရခိုင်ပြည်နယ်နဲ့ပြည်တွင်းက ပဋိပက္ခ ကူးစက်ခံ နယ်မြေဒေသတွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူဆောင်ကြဉ်းပေးနိုင်ဖို့အတွက် မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းသွားဖို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။“ပဋိပက္ခတွေ၊ ဝိဝါဒကွဲလွဲမှုတွေ ဖြစ်ထွန်းရာမြေအဖြစ် ကျွန်မတို့မြန်မာနိုင်ငံကို လူသိများကြပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှုနဲ့ မသိနားမလည်မှုတွေဟာ လူ့သဘာဝကိုသာမက လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ ဘယ်လိုဘယ်ပုံ ဖောက်ပြန်ပျက်စီးစေတယ် ဆိုတာကို ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပါပြီ။ ဒါကြောင့် ဒီကနေ့ အားလုံးကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ဒေါသတရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်ခြင်းတရားတွေနဲ့ ကြုံတွေ့ရတိုင်း သူတို့နဲ့ ဆန့်ကျင်ဘက်က ရပ်တည်ပေးကြပါ။ ကရုဏာတရား၊ အကြင်နာမေတ္တာတရားနဲ့ တစ်ပါးသူရဲ့ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် လမ်းကြောင်းကိုသာ ရှာဖွေ လျှောက်လှမ်းကြပါဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အာဆီယံအဖွဲ့အစည်းကြီးရဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်ချက်တွေဟာ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အရင်းတည်ပြီးတော့ ပေးဆပ်ခြင်းကို ရယူခြင်းထက် အမှန်တကယ် တန်ဖိုးထားတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ၊ အခြား အသိုက်အဝန်းတွေက စံနမူနာပြု အတုယူရတဲ့ စံပြအဖွဲ့အစည်းတစ်ခုအဖြစ် မြင်တွေ့ချင်ပါတယ်။ ပြည်သူ့အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရခြင်း၊ ပြည်သူတွေအတွက် ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး မားမားမတ်မတ် ရပ်တည်ပေးရခြင်း၊ ကိုယ်စားလှယ်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ ကျွန်မတို့ ပြည်သူများအတွက်ရော ကျွန်မတို့ ကိုယ်တိုင်အတွက်ပါ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားများကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တယ် ဆိုတာ ပြောနိုင်ခြင်းလောက် ဂုဏ်ယူစရာ ကောင်းတာ ဘာမှမရှိဘူးဆိုတာကို ကျွန်မ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးကို သတိပေးပြောကြားလိုပါတယ်”  ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် AIPA နှင့်ပတ်သက်၍ စည်းမျဉ်းအခြေပြုပြီး လူထုကို အလေးထားသည့် လူထုဗဟိုပြု အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန် ရည်ရွယ်ချက်များနှင့် အာဆီယံအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ စည်းမျဉ်းအခြေပြုနှင့် ပတ်သက်၍ အထူးသဖြင့် ဥပဒေပြု လွှတ်တော်အမတ်များအတွက် လွန်စွာပင် အရေးကြီးကြောင်း ဥပဒေပြုသူများသည် ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်နေ၍ မရကြောင်း၊ အာဆီယံ၏ လူထုဗဟိုပြုသည့် လမ်းစဉ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် အကောင်းဆုံး ပုံဖော်နေသည်မှာ လွှတ်တော်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် AIPA နှင့် အာဆီယံအကြား မိတ်ဖက် ဖြစ်တည်မှုသည် နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီး၊ သိက္ခာရှိရှိ၊ လက်တွေ့ကျကျနှင့် အခိုင်အမာ တည်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေပြု လွှတ်တော်များ စိစစ်ကြီးကြပ်မှု၊ ထောက်ခံပံ့ပိုးမှုများကြောင့် အာဆီယံနိုင်ငံများသည် အာဆီယံ၏ သဘောတူစာချုပ်များကို အတည်ပြုနိုင်ခဲ့ကြပြီး၊ သက်ဆိုင်သည့် ဥပဒေတွေကို အချိန်မီ ပြဋ္ဌာန်းပေးနိုင်ခဲ့သည့်အတွက် အာဆီယံ၏နိုင်ငံရေးရည်မှန်းချက်များကို တရားဥပဒေစိုးမိုးရေးအောက်၌ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။ထို့ပြင် AIPA အဖွဲ့သည် အာဆီယံaဒသအတွင်း၌ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေ မြှင့်တင်ရန်၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေသည်ကို သိရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ AIPA အဖွဲ့၏ ရည်မှန်းချက်များသည် ခရီးရှည်လျားကာ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များဖြင့် ထပ်တူ ထပ်မျှ တူညီနေတာကို သတိပြုမိကြမည်ဖြစ်ကြောင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများအားလုံးသည် မြန်မာနိုင်ငံ၏ ပြည်သူများကို တိုက်ရိုက် သက်ရောက်စေမည့် ကိစ္စရပ်များဖြစ်ကာ ထိရောက် တိုးတက်မှုရှိသည့် ဖြေရှင်းချက်များ ရှာဖွေ ဖော်ထုတ်နိုင်ရန်အတွက် ဒီမိုကရေစီ ပေါင်းစည်းမှု စိတ်ဓာတ်နှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသည်။(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (Asean Inter-Parlimentary Assembly-AIPA) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး၊ ညီလာခံကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်ထိ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent