မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာမှ ကျေးရွာအုပ် ချုပ်ရေးမှူး (ယခင်) နှင့် ရွာသားတစ်ဦးအား ပုဒ်မ ၃၇၉၊ ၁၁၄၊ ၅၀၆၊ ၃၄၁ အပါအဝင် မြန် မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာရူဘီ အင်တာပရိုက်စ် ကုမ္ပဏီနှင့် သပိတ်ကျင်းမြို့နယ် ငါးမိုင်သတ္တုတွင်းမှ လက်ထောက်မန်နေဂျာတို့က တရားလိုပြုလုပ် စွဲဆိုထားသည့် သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) တို့ဖြင့် ဖမ်းဆီးအမှုရင်ဆိုင်နေရာ စက်တင်ဘာ ၂၈ ရက်တွင် အဆိုပါ ကျေးရွာသား နှစ်ဦးအား ပြင်ဦးလွင်မြို့နယ် တရားရုံးက အချုပ်လွတ်ထုချေခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇူလိုင် ၆ ရက် က ကျေးရွာပိုင်မြေပေါ်တွင် မြန်မာရူဘီအင် တာပရိုက်စ်ကုမ္ပဏီအား သတ္တုတူးဖော် ထုတ်လုပ်ခွင့် ချထားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီဝန်ထမ်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။ ကျေးရွာပိုင်မြေပေါ်တွင် သတ္တုတူးဖော်ထုတ်လုပ် ခွင့်ချထားပေးခဲ့မှုအား ဒေသခံများမှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ အပါအဝင် ဒေသခံများနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ဒေသခံများက လက်ခံခြင်း မရှိကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ယခင်အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုကံဌေးနှင့် ကိုမင်းသူ (ခ) မင်းသွင်တို့အား အထက်ပါ ပုဒ်မများဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က စဉ့်ကူးမြို့နယ်အတွင်း ဖမ်းဆီးခဲ့ပြီး ရွာသား ၁၀၀ ကျော်ကိုလည်း ပုဒ်မမျိုးစုံတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုခံထားရသည့် ရေထွက်ကျေးရွာသား နှစ်ဦးအား စတင်တရားစွဲဆိုခဲ့သည့် သပိတ်ကျင်းမြို့နယ် တရားရုံးမှာ လုံခြုံရေးကြောင့် ဟုဆိုကာ ပြင်ဦးလွင်မြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အမှုဖြစ်စဉ်များအရ သိရသည်။ ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ချုပ်ရက်များဖြင့် ၁၀ လကျော်ခန့် အမှုရင်ဆိုင်ခဲ့ရပြီး စွဲဆိုထားသည့် ပုဒ်မများအနက် ပုဒ်မ ၃၇၉၊ ၁၁၄၊ ၅၀၆၊ ၃၄၁ တို့ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုအား ၂၀၁၆ သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၂၁ ရက် တွင် အမှုအား စွဲချက်တင်ခြင်း မပြုလုပ်ဘဲ ပြင်ဦးလွင်မြို့နယ် တရားရုံးက တရားရှင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နောက်ဆုံးကျန်ရှိနေသည့် ပုဒ်မဖြစ်သည့် သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (ခ)ဖြင့် စွဲဆိုထားသော အမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၈ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးရာ စွပ် စွဲခံထားရသူ၏ ရှေ့နေဘက်မှ အာမခံ လျှောက်ထားသဖြင့် မြို့နယ်တရားရုံးက ငွေကျပ်သိန်းတစ်ရာဖြင့် ရွာသား ကိုကံဌေး နှင့်ကိုမင်းသွင်တို့အား အချုပ်လွတ်အာမခံ ပေးခဲ့ကြောင်း သိရသည်။ အမှုနှစ်ခုအား တရားရှင် လွှတ်ပေးပြီးနောက် တစ်ပတ်အ ကြာရုံးချိန်းမှသာ သတ္တုတွင်းဥပဒေပုဒ်မ ၃၀(ခ) ဖြင့် စွဲဆိုထားသည့် အမှုအား အာမခံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ)တွင် “မည်သူမဆို လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်မရရှိဘဲ ဓာတ်သတ္ထု ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ်တစ်သိန်း အထိဖြစ်စေ ချမှတ်ရမည်” ဟု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် မြန်မာ့သတ္ထုတွင်း ဥပဒေတွင် ဖော်ပြထားသည်။
“ဒီကနေ့ အာမခံ လျှောက်ထားခဲ့ရာမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲ လျှောက်ထားခဲ့ရပါတယ်။ ဒီသတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (ခ) ဟာ အနည်းဆုံး ထောင်ဒဏ်တစ်လကနေ အများဆုံးသုံးလ ချလို့ရတယ်။ ငွေဒဏ်က ကျပ်တစ်သိန်းဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း ဥပဒေတွေ ပြဋ္ဌာန်းထားတာက မညီမျှဘူး ဖြစ်နေတယ်။ ခေါင်းကိုင်ရင် အမြီးလွတ် အမြီးကိုင်ရင် ခေါင်းလွတ် ဥပဒေတွေက မစေ့ငှဘူးြ ဖစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကရှိထားတဲ့ ဥပဒေတွေအပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးဥပဒေ အထူးဥပဒေဆိုပြီး ထပ်ပြီးပြဋ္ဌာန်းလိုက်တော့ ဒီလိုပုံစံဖြစ်သွားတဲ့ သဘောပါ။ ဘာကြောင့် အပြတ်လွှတ်ပေးဖို့ မလျှောက်လဲဆိုရင် ဒီအမှုက အမိန့်မချရသေးဘူး ဖြစ်တယ်။ အပြတ်လွှတ်ပေးဖို့ လျှောက်ထားလို့ မရသေးဘူး။ တရားလိုတစ်ဦးပဲ စစ်ဆေးရသေးတယ်။ ဒီလို တရားလိုတစ်ဦးပဲ စစ်ဆေးရသေးတဲ့အတွက် အပြတ်လွှတ်ပေးဖို့ မလျှောက်ဘဲ အာမခံပဲ လျှောက်ထားခဲ့တာပါ။ သူတို့ကို စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် စတင်တရားစွဲဆိုစဉ် ကတည်းက တရားမျှတ မှုမရှိခဲ့ဘူး။ သုံးသပ်စရာလည်း မလိုဘူး။ အမှုတွဲကို ကြည့်လိုက်တာနဲ့ သိတယ်။ ဒီအမှုမှာက အထက်က ဖိအားတွေ ရှိနေတဲ့အတွက် ဒီအဆင့်အထိ ရောက်ခဲ့ရတာ ဖြစ်တယ်” ဟု ရေထွက်ကျေးရွာသားများ၏ အမှုအား လိုက်ပါဆောင်ရွက် ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) ဖြင့် စွဲဆိုထားသည့် အမှုအား အောက်တိုတာ ၁၂ ရက်တွင် မြို့နယ်တရားရုံးက ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးအား သတ္တုတွင်းဥပဒေ အပါအဝင် ပုဒ်မမျိုးစုံဖြင့် ၁၀ လကျော်ကြာ ဖမ်းဆီးအမှုရင်ဆိုင် ခဲ့ပြီးနောက် အာမခံရရှိ









