တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သစ်တောမြေကိစ္စ အစီရင်ခံစာနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စ အစီရင်ခံစာတို့အား တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး လက်ဦးမှုရယူကာ စိုက်ပျိုးခြင်းမရှိသည့် မြေများကို ဥပဒေနှင့်အညီ ပြန်လည်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သစ်တောမြေကိစ္စ အစီရင်ခံစာနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စ အစီရင်ခံစာတို့အား တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး လက်ဦးမှုရယူကာ စိုက်ပျိုးခြင်းမရှိသည့် မြေများကို ဥပဒေနှင့်အညီ ပြန်လည်
Published 28 September 2016
ဖြိုးဇင်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သစ်တောမြေကိစ္စ အစီရင်ခံစာနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စ အစီရင်ခံစာတို့အား တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး လက်ဦးမှုရယူကာ စိုက်ပျိုးခြင်းမရှိသည့် မြေများကို ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူရန် ဆောင်ရွက်နေဟု ဆို
 
စက်တင်ဘာ ၂၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၆) ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သစ်တောမြေကိစ္စ အစီရင်ခံစာနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စ အစီရင်ခံစာတို့အား တင်သွင်းခဲ့ပြီး တိုင်းဒေသကြီးအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လက်ဦးမှု ရယူထားပြီး စိုက်ပျိုးခြင်းမရှိသည့် မြေများအား ဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခွင့်ရရှိရေး၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ရရှိရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူပြီး လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
 
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ပိုင်ခွင့်များ ရယူထားသည့်အပေါ် စိုက်ပျိုးမှုအခြေအနေများအား စိစစ်ခဲ့ရာ စိုက်ပျိုးရန် ကျန်ဧရိယာ များစွာရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းမြေများအား  ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုခဲ့သည့် ဧရိယာ၊ ဝန်ကြီးဌာနမှ ကြိုတင်ခွင့်ပြုခဲ့သည့် ဧရိယာနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သည့် ဧရိယာများအပြင် ၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ခွင့်ပြုခဲ့သည့် ဧရိယာမှာ ၅၇၉၇၂၃ ဒသမ ၈၆ ဧကရှိပြီး လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်း စုစုပေါင်း ၄၂၉ ဦးအား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းမြေများအား ပြန်လည်စိစစ်ရာ၌ အသုံးပြုပြီး မြေ ၂၄၉၆၉၉ ဒသမ ၅၀ ဧက ရှိပြီး အသုံးပြုရန် ကျန်ရှိသည့် မြေ ၃၃၀၀၂၄ ဒသမ ၃၆ ဧက ရှိနေသည်ကို စိစစ်တွေ့ရှိရသည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် အစီအရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရ၌ ထည့်သွင်းပြောကြားသည်။
 
“တိုင်းဒေသကြီးအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးရန်ကျန် ဧကများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်  ၆/၂၀၁၆ နှင့် ၇/၂၀၁၆  သို့တင်ပြခဲ့ရာ ဗဟိုအဖွဲ့က ခွင့်ပြုခဲ့သည့် ဧရိယာများထဲမှ အကောင်အထည်ဖော်ရမည့် လေးနှစ်ကာလအတွင်း အကောင်အထည်ဖော် စိုက်ပျိုးခြင်းမရှိဘဲ အသုံးပြုရန် ကျန်မြေဧရိယာများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရေးဗဟိုအဖွဲ့သို့ တင်ပြရန်နှင့် ဒေသအာဏာပိုင် ခွင့်ပြုခဲ့သည့် မြေဧရိယာများထဲမှ စိုက်ပျိုးပြီးမြေများအား ဥပဒေနှင့်အညီ လျှောက်ထားရေး ကာယကံရှင်များအား ရှင်းလင်းပြောကြားသွားရန်၊ ကျန်မြေဧရိယာများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရန်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုကော်မရှင်က ခွင့်ပြုခဲ့သည့် ဧရိယာများအတွင်းမှ စိုက်ပျိုးပြီးမြေများအား ဥပဒေနှင့်အညီ လျှောက်ထားရေး ကာယကံရှင်များအား အကြောင်းကြားသွားရန်နှင့် စိုက်ပျိုးရန် ကျန်မြေဧရိယာအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရေး သက်ဆိုင်ရာသို့အကြောင်းကြားသွားရန်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး ကန့်ကွက်ရန် မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးလည်း ဖြစ်ပါသည်”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက အစီရင်ခံစားအား ဖတ်ကြားရှင်းလင်းသည်။
 
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သစ်တောမြေများကိစ္စနှင့် ပတ်သက်သည့် အစီရင်ခံစာကို တင်ပြရာ၌လည်း ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ တိုင်းဒေသကြီးအတွင်းရှိ သစ်တောမြေများအား ဆီအုန်း၊ ဆီအုန်း (အိတ်ဖွင့်တင်ဒါ)၊ ရာဘာ၊ နှစ်ရှည်သီးနှံနှင့် သစ်မာစိုက်ခင်းများ စိုက်ပျိုးရန် ဧရိယာ  ၅၁၄၇၇၄ ဒသမ ၁၅  ဧက ခွင့်ပြုခဲ့ပြီး စိုက်ပျိုးပြီး ဧရိယာ ၁၄၀၀၃၀ ဒသမ ၂၉ ဧကရှိကာ (၃၇၄၇၄၃ ဒသမ ၈၆) ဧက စိုက်ပျိုးရန် ကျန်ရှိကြောင်း၊ ယင်းအနက် မြေဧရိယာ ၃၆၄၈၇၀ ဒသမ ၆၃ ဧကကို ပြန်လည်သိမ်းဆည်းခဲ့ပြီး စီမံချက်ကာလ မပြည့်သေး၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဧရိယာမှာ ၉၈၇၃ ဒသမ ၂၃ ဧက ဖြစ်သည်ဟု သစ်တောဦးစီးဌာနက တင်ပြလာခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
 
တိုင်းဒေသကြီးလွှတ်တော်သို့ သစ်တောမြေကိစ္စ အစီရင်ခံစာ ဖတ်ကြားတင်ပြခဲ့သည့်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က “သစ်တောဦးစီးဌာနက ပြန်လည်သိမ်းဆည်းပြီးသည့် သစ်တောမြေဧရိယာ  ၃၆၄၈၇၀ ဒသမ ၆၃ ဧကအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည်သိမ်းဆည်းမည် ဖြစ်ပါကြောင်း၊ စီမံချက်ကာလ မပြည့်သေး၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောမြေဧရိယာ ၉၈၇၃ ဒသမ ၂၃ ဧကကိုလည်း စီမံချက်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်စေရေးနှင့် လုပ်ငန်းဆောင်ရွက်မှု မရှိပါက ပြန်လည်သိမ်းဆည်းနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (နေပြည်တော်) သို့ တင်ပြမည်ဖြစ်ပါ၍ လွှတ်တော်၌ မှတ်တမ်းတင် ထားရှိနိုင်ပါရန် အစီရင်ခံအပ်ပါသည်”ဟု တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
 
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ကုမ္ပဏီ ၄၄ ခုမှ ဆီအုန်းစိုက်ပျိုးရန် ဧက ၁၀ သိန်းခန့် ရယူထားသော်လည်း လက်တွေ့တွင် ဧကသုံးသိန်းကျော်သာ စိုက်ပျိုးထားသည့်အတွက် ဆီအုန်းစိုက်ပျိုးရန် ရယူထားသည့် မြေများအား သတ်မှတ်ချက်အတိုင်း ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်း ရှိ၊ မရှိ ပြန်လည်စိစစ်မည်ဖြစ်ပြီး အမှန်တကယ် စိုက်ပျိုးထားခြင်းမရှိသည့်မြေများကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောကြားထားသည်။
 
တနင်္သာရီတိုင်းဒေသကြီး၏ စုစုပေါင်း မြေဧရိယာအကျယ်မှာ ၁၀၇၁၀၇၅၈ ဧက ရှိပြီး ၂၀၁၀ ပြည့်နှစ်က တိုင်းတာခဲ့သည့် တိုင်းဒေသကြီး တစ်ခုလုံး၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ မြေဧရိယာစုစုပေါင်း၏ ၆၉ ဒသမ ၃၆ ရာခိုင်နှုန်းရှိပြီး မြေဧရိယာအားဖြင့် ၇၄၂၈၄၅၂ ဧက ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တိုင်းတာချက်အရ သစ်တောဖုံလွှမ်းမှု ဧရိယာမှာ ၆၄ ဒသမ ၉၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး မြေဧရိယာအားဖြင့် ၆၉၆၁၂၃၃ ဧက ရှိခဲ့သောကြောင့် ၂၀၁၀ ခုနှစ်က ရှိခဲ့သည့် သစ်တောဧရိယာထက် လေးရာခိုင်နှုန်း လျော့နည်းလာခဲ့ကာ ငါးနှစ်တာကာလအတွင်း သစ်တောက လေးသိန်းကျော် (၄၆၇၂၁၉ ဧက)  ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ရရှိခဲ့သည့် စာရင်းများအရ သိရပြီး သစ်တောများ ပျက်စီးခဲ့ခြင်း ၏အဓိကအချက်မှာ ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရန် သစ်တောများအား ရှင်းလင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent