အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း (၂၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း (၂၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Published 28 September 2016
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း (၂၈) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားအား စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ NLD ပါတီဌာနချုပ်ရုံးတွင် ကျင်းပခဲ့သည်။
 
အဆိုပါအခမ်းအနားသို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် NLD ပါတီဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အခမ်းအနား၌ ပါတီသဘာပတိအဖွဲ့နာယက သူရဦးတင်ဦးက မိန့်ခွန်းပြောကြားခဲ့ကာ ပါတီ (၂၈) နှစ်မြောက် ကြေညာချက်အား ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရန်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားသည်။
 
NLD ပါတီ (၂၈) နှစ်ပြည့် နှစ်ပတ်လည် ကြေညာချက်တွင် ၂၀၁၅ ခုနှစ် သမိုင်းဝင် ပါတီစုံရွေးကောက်ပွဲကြီးတွင် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများ၏ အစဉ်အလာအတိုင်း ရာခိုင်နှုန်းပြည့်နီးပါး သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်းသည် အဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုအား စိတ်ဓာတ် တည်ငြိမ်ခိုင်မာစေလျက် မည်သည့်အခြေအနေတွင်မဆို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည့် ခံယူချက်နှင့် အသိဉာဏ်ကိုပါ အားကောင်းမောင်းသန်ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့ကြောင်းကို သိသာထင်ရှားစေကြောင်း၊ အဖွဲ့ချုပ်သည် ပြည်သူလူထုထောက်ခံမှုကို အပြည့်အဝရရှိထားပြီး မူဝါဒသစ်တစ်ရပ်ကို ချမှတ်ရန်အတွက်လည်း ရဲရင့်မှုရှိကြောင်းနှင့် မိမိလူ့အဖွဲ့အစည်း ပြန်လည်ဆန်းစစ်မှု ဖြစ်စဉ်အပေါ် ခေါင်းဆောင်နိုင်စွမ်းရှိပြီး ဆင်နွှဲနိုင်စွမ်းလည်းရှိကြောင်း အကြိမ်ကြိမ် စမ်းသပ်ခံခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
 
ထို့ပြင် ပြည်သူလူထုကြီးသည် ယနေ့ တစ်နိုင်ငံလုံး ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် ဖိအားများအပေါ် နားလည် စာနာပေးကြသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် ပါဝင်ပတ်သက်သူအားလုံးကို ကျွနု်ပ်တို့များစွာ ကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းများအပေါ် အသိအမှတ်ပြု လက်ခံလာခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်းနှင့် ကျွနု်ပ်တို့၏ ခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအတွက် အခြေခံကောင်းများပင် ဖြစ်ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။ 
 
ထို့အတူ Stake holder အားလုံးသည် နိုင်ငံတော်အတွက် နားလည်စိတ်ရှည်ခြင်း၊ မဇ္ဈိမပဋိပဒါကျကျ စဉ်းစားခြင်း၊ အပြန်အလှန်လေးစားခြင်း၊ တရားမျှတစွာ ကိုင်တွယ်ခြင်း၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း စသည့် ဒီမိုကရေစီယဉ်ကျေးမှုပုံရိပ်များ ပီပြင်လာခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အတူတကွ ရပ်တည်နိုင်မည့် တစ်ခုတည်းသော ဘုံလမ်းကြောင်းအပေါ် ညီညီညာညာ လျှောက်လှမ်းနိုင်မည့် မျှော်မှန်းချက်များကိုလည်း တွေ့ရှိလာခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိတို့ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မှုဖြင့် ဖန်တီးမည့် အနာဂတ်အပေါ် ယုံကြည်ချက်ရှိရှိဖြင့် ပြည်သူလူထုနှင့်အတူ ချီတက်သွားမည် ဖြစ်ကြောင်းနှင့် ကြုံတွေ့လာရမည့် အခက်အခဲ၊ အကျပ်အတည်းများကို အဖွဲ့ချုပ်၏ အစဉ်အလာအတိုင်း အေးဆေးတည်ငြိမ်စွာ၊ ဂုဏ်သိက္ခာရှိရှိဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
 
သို့ဖြစ်၍ ကျွနု်ပ်တို့သည် “ငြိမ်းချမ်းရေးအတွက် လက်တွဲကြပါ၊ တရားမျှတမှုအတွက် အသိပညာများ မျှဝေကြပါ၊ လက်နက်တွေကို ကိုင်တွယ်မည့်အစား လယ်ယာသုံးကိရိယာတွေကို ကိုင်စွဲကြပါ”ဟူသော တောင်အာဖရိက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးမြွက် မှာစကားကဲ့သို့ ငြိမ်းချမ်းရေးသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ အမြင့်ဆုံး စံနှုန်းစံတန်ဖိုး၊ ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာသည် လူ့ယဉ်ကျေးမှု၊ လူ့အခွင့်အရေးသည် လူ့ယဉ်ကျေးမှုအဖြစ် လေးနက်စွာခံယူရင်း လွတ်လပ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာရှိမှု၊ တရားမျှမှု၊ တန်းတူညီမျှမှု ရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်သစ်ကို လက်တွဲညီညီ တည်ဆောက်ကြရန် ကြေညာချက်၌ တိုက်တွန်းထားသည်။ 
 

Most Read

Most Recent