မြန်မာနိုင်ငံ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းလုပ်ဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်း အသီးသီးကို ရေးဆွဲထားသည့် အကျဉ်းထောင်များ ဥပဒေမူကြမ်းအားချပြ၍ AAPP ဖိတ်ခေါ်

မြန်မာနိုင်ငံ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းလုပ်ဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်း အသီးသီးကို ရေးဆွဲထားသည့် အကျဉ်းထောင်များ ဥပဒေမူကြမ်းအားချပြ၍ AAPP ဖိတ်ခေါ်
Published 26 September 2016
ဇာလီမြင့်ဦး၊ ဝီရမိုးနေ

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၎င်းတို့ရေးဆွဲထားသည့် အကျဉ်းထောင်များ ဥပဒေမူကြမ်း တစ်ခုကို ချပြ၍ မြန်မာနိုင်ငံ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းလုပ်ဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်း အသီးသီးအား ဖိတ်ခေါ်ထားသည်။
စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော AAPP မှ သုတေသန ပြုစုထားသည့် “မြန်မာနိုင်ငံ၏ အကျဉ်းထောင် အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလားအလာ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်မှုတွင် အဆိုပါ အခန်း (၆) ခန်းပါ အကျဉ်းထောင်များ ဥပဒေမူကြမ်းကို ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးအား စိတ်ဝင်စားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား အချက်အလက်များ ပေးအပ်နိုင်ရန်နှင့် နောက်ဆက်တွဲအဖြစ် ပူးပေါင်းလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
AAPP မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒါက အများပြည်သူ လေ့လာနိုင်အောင်ရယ်၊ အခုလက်ရှိ လွှတ်တော်အမတ်တွေနဲ့ အစိုးရပိုင်းတွေက ကြည့်ရှုလေ့လာခြင်းနဲ့ လိုအပ်လို့ရှိရင် ကျွန်တော်တို့ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လုပ်ဆောင်ထားတာ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။ အဲဒီလိုပဲ တခြားအရပ်ဘက် အဖွဲ့အစည်းတွေရော၊ နိုင်ငံရေး အဖွဲ့အစည်းတွေရော၊ နောက် ရှေ့နေရှေ့ရပ်များကိုလည်း ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီအကျဉ်းထောင် ဥပဒေကို လေ့လာပေးပါ။ ဖတ်ရှုပေးပါ။ လိုအပ်သည်များ ရှိတယ်ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ် ပေးစေချင်တယ်။ ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ဆက်သွယ်ပြီးတော့ ဒီ့ထက်မက ပိုပြီးပြည့်စုံတဲ့ ပြဿနာတွေကိုဖြေရှင်း ဥပဒေဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။
အဆိုပါ ဥပဒေမူကြမ်းသည် ပြည်ထဲရေး ဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထားသော အကျဉ်းထောင်များ ဥပဒေ (မူကြမ်း) ကို AAPP နှင့် FPPS တို့က ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် အကြံပြုထားခြင်းဖြစ်ကြောင်း သိရသည်။ AAPP အနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် ယခင်ပထမအကြိမ် လွှတ်တော် အစည်းအဝေးကာလက လွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ အကြံပြုဆွေးနွေး တင်ပြထားမှု ရှိခဲ့ကြောင်းလည်း သိရသည်။
၁၈၉၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ အကျဉ်းထောင်ဥပဒေအား အစားထိုးသည့် အခန်း (၆) ခန်းပါ အကျဉ်းထောင်များ ဥပဒေကြမ်းအား ယခင်ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် ဇွန် ၅ ရက်က အများပြည်သူ ဖတ်ရှု၊ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန်ထားခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် လက်ရှိ အကျဉ်းထောင ်အများစုတွင် ကြုံတွေ့နေရသော ထောင်ဝင်စာ တွေ့ဆုံမှု အခက်အခဲများ၊ အကျဉ်းသားများ ထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်များအပေါ် မူတည်၍ တိကျစွာ ထပ်မံထည့်သွင်းသင့်သည့် အချက်များရှိကြောင်း AAPP ကဆိုသည်။
AAPP က ရေးဆွဲထားသည့် အကျဉ်းထောင်များဥပဒေ (မူကြမ်း) တွင် အကျဉ်းဦးစီးဌာနကို တရားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့က ပူးတွဲစီမံ အုပ်ချုပ်စေသည့်အချက် ပါဝင်ကြောင်းနှင့် ကုလသမဂ္ဂမှ ချမှတ်ထားသော အကျဉ်းသားများအား ဆက်ဆံရန် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြင်ဆင်သတ်မှတ် ချက်များနှင့်အညီ ရေးဆွဲထားမှုရှိကြောင်း AAPP မှ တာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိနိုင်ငံတွင်း မည်သည့်ပြဿနာမှာ အကြီးမားဆုံး ဖြစ်နေသည်ကိုလည်း အကျဉ်းထောင်များက မီးမောင်းထိုးပြလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲရေးအား ဖော်ဆောင်ခြင်းသည် တိုင်းပြည်တွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအား အာမခံရန် လိုအပ်ချက်ဖြစ်သလို ရပ်ရွာလူထုအားလည်း ပိုမိုကျယ်ပြန့်စွာ အကျိုးရှိစေမည် ဖြစ်ကြောင်းနှင့် ထို့အတွက် ပြည်တွင်း ပြည်ပရှိ တက်ကြွလှုပ်ရှားသူများ၊ မူဝါဒချမှတ်သူများ အနေဖြင့် ပိုမိုလုံခြုံမှုရှိသည့် ကောင်းမွန်သည့် လူ့အသိုင်းအဝိုင်း ဖော်ဆောင်နိုင်ရေးအတွက် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ်၊ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲသင့်ကြောင်း ဦးဘိုကြည်က ဆက်လက် ပြောကြားသည်။                           

Most Read

Most Recent