တစ်နေ့ လက်ဖက်ရည်သောက်ရင်း ဘေးဝိုင်းမှ လူငယ်နှစ်ယောက်၏ စကားသံကို ကြားမိသည်။ တစ်ယောက်က ပိုက်ဆံချေးသည်။ တစ်ယောက်က မချေး။ ငွေချေးလိုသူပြောသည့် စကားသံဟာ ဒေါသသံပါလာ၍ သဲကွဲစွာ ကြားလိုက်ရသည်မှာ “မင်း ငါ့ကိုမယုံဘူးလား” ဟူ၍ဖြစ်သည်။ယနေ့ခေတ် လူ့အဖွဲ့အစည်းအတွင်းရှိ လူအချင်းချင်း၊ အစုအဖွဲ့အချင်းချင်း၊ လူမျိုးအချင်းချင်း၊ နိုင်ငံအချင်းချင်းကြားတွင် အပြန်အလှန် ယုံကြည်မှု သဘောတရားကို ပြောရမည်ဆိုပါက အလွန်အားနည်းမှေးမှိန်သည်ဟုပင် ဆိုချင်ပါသည်။ သူ့ကို ကိုယ်ကမယုံ၊ ကိုယ့်ကိုသူက မယုံကြည်ဘဲ သံသယစိတ်၊ မယုံကြည်စိတ်နှင့် ရောထွေးယှက်တင် ပေါင်းသင်းဆက်ဆံနေကြသော ခေတ်ကာလကို ရောက်ရှိနေသည်။ စာရေးသူတို့ ငယ်ရွယ်စဉ် ခေတ်ကာလရှိ လူအချင်းချင်း ယုံကြည်မှုနှင့် သဒ္ဓါတရားများနှင့်တော့ ကွာလွန်းလှသည်။ ထိုသို့ ယုံကြည်မှု အားနည်းပြီး သံသယစိတ် ကြီးစိုးလာခြင်း၏ အကြောင်းတရားများလည်း များစွာရှိလာခဲ့သည်။ ဖြစ်ပေါ်လာခဲ့သည်။ တွေ့ကြုံခံစားရမှု များပြားလာသည့်အတွက်လည်း ယနေ့လူအများတွင် ယုံကြည်မှု သဒ္ဓါတရား ကျဆင်းလာခြင်းဖြစ်သည်။ ခဲမှန်ဖူးသည့် စာသူငယ်များပမာ ဖြစ်မည်ထင်ပါသည်။ယခင်ခေတ်ကာလက ဒုက္ခရောက်၊ အခက်အခဲကြုံနေသည့် သူစိမ်းတစ်ရံ လူတစ်ယောက်ကို စေတနာအပြည့်နှင့် ရိုင်းပင်းကူညီတတ်ကြသည်။ ကျွေးမွေးဧည့်ခံရုံသာမက ညဉ့်အိပ်ညဉ့်နေပင် တည်းခိုနေထိုင်ခွင့်ပြုကြသည်။ ထိုသို့ ကူညီပေးရသည့်အပေါ်တွင်လည်း သံသယစိတ်၊ စိုးရွံ့စိတ် မဖြစ်ခဲ့ကြပါ။ ထိုခေတ်ထိုအခါက ကူညီမှု လက်ခံရယူသူတွေဘက်ကလည်း ယုံကြည်မှုကို အခွင့်အရေးယူ၊ အလွဲသုံးစားပြုပြီး ကျေးဇူးရှင်ကို မကောင်းကြံ၊ မကောင်းတွေး၊ မကောင်းမှု လုပ်ခြင်းတို့ မရှိသလောက် နည်းလှသည်ပင်ဖြစ်သည်။ တစ်လုပ်စားဖူး သူ့ကျေးဇူးကို သိတတ်သူ၊ တန်ဖိုးထားတတ်သူတွေ များသည့်အတွက် ထိုခေတ်ထိုအခါက လူတစ်ယောက်အတွက် အကူအညီ ဆိုသည်မှာ ခက်ခဲသောအရာ မဟုတ်ခဲ့ပါ။ယနေ့ခေတ်ကာလတွင် ထိုသို့မဟုတ်တော့ပါ။ လူမှုဆက်ဆံရေးပုံစံများ ပြောင်းလဲကွာခြားသွားပြီဖြစ်သည်။ ယုံကြည်စိတ်ချမှုတွေ လျော့နည်းသွားပြီဖြစ်သည်။ နွေးထွေးသော လူမှုဆက်ဆံရေးမှ အေးစက်သော လူမှုဆက်ဆံရေးသို့ ပြောင်းလဲသွားပြီဖြစ်သည်။ မိမိအိမ်သို့ သူစိမ်းတစ်ယောက် မဆိုထားနှင့် ယခင်က ရင်းနှီးကျွမ်းဝင်ဖူးသူ၊ ပေါင်းသင်းဆက်ဆံဖူးသူ လူတစ်ယောက်ကိုပင် ယုံကြည်စွာလက်ခံ၊ ကူညီဖို့အလွန်စဉ်းစားရသော အနေအထားဖြစ်သည်။ သူစိမ်းနှင့် မရင်းနှီးသူ မဆိုထားနှင့် ဆွေမျိုးသားချင်း တော်စပ်သူများကိုပင် မယုံကြည်ရ၊ ယုံကြည်မှုကို အခွင့်ကောင်းယူ၍ မကောင်းမှု ကျူးလွန်သည့် အဖြစ်အပျက်များကလည်း ရှိနေ၊ ဖြစ်ပျက်နေသည်မို့ ကာယကံရှင်မျာကိုလည်း အပြစ်တင်ဖို့ ခက်ခဲပါသည်။ ယနေ့ခေတ်ကာလတွင် ယုံကြည်မှု အာမခံသည် မည်မျှနိမ့်ကျသည်ဆိုလျှင် တစ်ဦးတစ်ယောက် ကားငှားစီးသွားလျှင် ကျန်ရစ်သူတစ်ဦးက ကားနံပါတ်နှင့် အမျိုးအစားကို မှတ်သားသည့်ဓလေ့နှင့် ချောမောစွာရောက်ကြောင်း ဖုန်းပြန်ဆက်ခိုင်းသည့် ဓလေ့တစ်ခု ပေါ်ပေါက်လာသည်။ ထိုနည်းတူ ကားမောင်းသူကလည်း နောက်ကျောမလုံစွာ မောင်းနေရသည့် အခြေအနေတွင် ရှိပါသည်။ယခင်က လူတစ်ယောက်ကို၊ အိမ်တစ်အိမ်ကို ယုံကြည်မှုအပြည့်နှင့် အားကိုးအားထားပြု၍ နေထိုင်သွားလာနိုင်ကြသည်။ ကူညီစောင့်ရှောက်ကြသည်။ သူနှင့်ကိုယ်ကြား၊ သူတို့နှင့်ကိုယ်ကြားတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ အခြေခံထားကြသည့်အတွက် ယုံကြည်မှုအာမခံလည်း အားကောင်းပါသည်။ ခိုင်ခံ့တည်ကြည်စွာရှိသည်။ လူမမည်ကလေးကအစ သက်ကြီးရွယ်အိုအဆုံး သစ္စာတရားနှင့် ယုံကြည်မှု၏ စောင့်ရှောက်ကူညီမှုကို အပြည့်အဝရနိုင်ကြသည်။ ယနေ့ခေတ်ကာလတွင်ကား ထိုသို့အပြည့်အ၀ မခံစားနိုင်ကြ၊ စောင့်ရှောက်မှု မရနိုင်တော့ပါ။ ထု့ိကြောင့် လူတို့၏ ဗြဟ္မစိုရ်တရား၊ လောကအလှတရား၊ သစ္စာနှင့် ယုံကြည်မှုတရားများ လျော့ပါးမှေးမှိန်လာရခြင်း၏ အကြောင်းတရားများကို လူသားအားလုံး တွန်းလှန်တိုက်ဖျက်သင့်သည်ဟု ယူဆပါသည်။ယနေ့ခေတ်တွင် အာမခံစနစ်မျိုးစုံရှိသည်။ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ မီးအာမခံ၊ သဘာဝဘေးအန္တရာယ်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ စသည်ဖြင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် အာမခံစနစ်များ ရှိကြသည်။ လူတို့၏ ယုံကြည်မှု အာမခံသည့် စနစ်တော့ မရှိသေးပါ။ ထိုယုံကြည်မှု အာမခံစနစ်သည် ယနေ့ခေတ်ကာလတွင် အလွန်လိုအပ်နေပါသည်။ ထိုစနစ်ထွန်းကားလာပါက လူ့အဖွဲ့အစည်းကြီးသည် များစွာလုံခြုံ စိတ်ချလာမည်။ သံသယကြီးစိုးမှုနှင့် ယုံကြည်မှု အလွဲသုံးခံရမှုများ လျော့နည်းပပျောက်လာမည်ဖြစ်သည်။ လူတစ်ယောက်ကို ငွေချေးသည်၊ ကူညီသည်ဆိုသည်မှာ ရင်းနှီးမှုနှင့် ယုံကြည်မှုကို အခြေခံသည်။ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ ကိုယ်ချင်းစာများလည်းပါသည်။ မည်သို့ပင်ဆိုစေ ယုံကြည်မှု မရှိပါက ကူညီမည်မဟုတ်ပါ။ ချစ်သူများ၊ အိမ်ထောင်သည်များ ဘဝသည်လည်း ယုံကြည်မှုပေါ် အခြေခံ တည်ဆောက်ရသည်သာဖြစ်သည်။ ယုံကြည်မှုနှင့် သစ္စာတရား ပျက်ပြယ်သည့်နေ့သည် သူတို့၏ဆက်ဆံရေးနှင့် ဘဝများ ပြောင်းလဲသည့်နေ့ပင် ဖြစ်ပါသည်။ကျွန်ုပ်တို့ နိစ္စဓူ၀ ကြုံတွေ့ဆက်ဆံနေရသည့် လူ့ပတ်ဝန်းကျင်တွင် ယုံကြည်စိတ်ချရမှု အညွှန်းကိန်းသည် မည်မျှရှိနိုင်ပါသနည်း။ သူတစ်ယောက်က တိုက်ကျွေးသည့် ရေတစ်ခွက်၊ အအေးတစ်ဘူး၊ ဘီယာတစ်ခွက်၊ ဆေးလိပ်တစ်လိပ်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချစွာ သောက်သုံးရဲပါသလား။ ဇက်ကြောတက် ခေါင်းကိုက်လို့ သူပေးသည့် ရှူဆေးဘူးကို ကျေးဇူးတင်စွာဖြင့် နမ်းရှူရဲပါသလား။ ဆာလောင်မွတ်သိပ်နေသည့် ကလေးတစ်ယောက်က သူ့ကိုပေးသည့် သကြားလုံးချိုချဉ်ကို ဝမ်းသာအားရဖြင့် စားသုံးဖို့ မိဘများက ခွင့်ပြုရဲပါသလား။ မိမိသားသမီးကို သူစိမ်းတစ်ရံ တစ်ယောက်က ချစ်ခင်လို့ ရင်းနှီးကျွမ်းဝင် ခွင့်ပြုရဲပါသလား။ ရပ်ထဲရွာထဲမှာ မိမိသား သမီးနှင့် သက်ကြီးရွယ်အိုကို စိတ်ချလက်ချ ထားခဲ့နိုင်သည့် ယုံကြည်စိတ် ရှိပါသလား။ ယခင်ကာလများကလို ဧည့်သည်တစ်ယောက်၊ မျက်နှာစိမ်းတစ်ယောက်ကို ခြံဝင်းတံခါး၊ အိမ်တံခါးဖွင့်ပြီး အထဲကို ဝင်ထိုင်ပါဦးလားလို့ ယုံကြည်စိတ်ချစွာ ဖိတ်ခေါ်ရဲပါသလား။ လမ်းခရီးမှာ လူကြုံတစ်ယောက်ကို တင်ခေါ်ရဲပါသလား စသည့်မေးခွန်းများက ယနေ့ ခေတ် လူ့အဖွဲ့အစည်း အတွင်းရှိ ယုံကြည်မှု အာမခံသည့် အညွှန်းကိန်း အတိုင်းအတာကို သိနိုင်ပါသည်။လူ့အဖွဲ့အစည်းအတွင်း တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု အာမခံခြင်းသည် မျက်မြင်ညွှန်ပြ၍ရသည့် အရာမဟုတ်ပါ။ လူတစ်ယောက်တွင် ယုံကြည်မှုကို အာမခံနိုင်သည့် အချက်အလက်များ မည်မျှပြည့်စုံခိုင်ခံ့သည်ကို မှန်းဆရန် ခက်ခဲပါသည်။ မိမိ၏ ကိုယ်ကျင့်သီလ၊ သမာဓိ၊ သိက္ခာကသာ အာမခံနိုင်မည်ဖြစ်သည်။ ယုံကြည်မှုဆိုသည်မှာ စိတ်စေတသိုက်နှင့် ခံစားမှုပေါ်တွင် မူတည်ပါသည်။ လူ့စိတ်သဘာဝသည် အပြောင်းအလဲ အလွန်လျင်မြန်သည့် သဘာဝရှိသည့်အတွက် မြတ်စွာဘုရားပင်လျှင် လူတစ်ယောက်၏ ယုံကြည်မှုသဒ္ဓါတရားကို အာမမခံသည့် သာဓကရှိပါသည်။လာဘ်လာဘတွင် ဧတဒင်္ဂရတော်မူခဲ့သည့် ရှင်သီဝလိမထေရ်သည် မိခင်ဝမ်းတွင် သန္ဓေယူစဉ်က အများနှင့်မတူဘဲ ခုနစ်နှစ်တိုင် ကြာခဲ့သည်။ မွေးဖွားမည့်အချိန်စေ့ ရောက်သော်လည်း ခုနစ်ရက်တိုင်တိုင် မမွေးနိုင်ဖြစ်နေသည့်အတွက် သူ၏မိခင်က ခင်ပွန်းဖြစ်သူကို မြတ်စွာဘုရားထံ စေလွှတ်၍ အကူအညီတောင်းခံသည်။ မြတ်စွာဘုရားက မေတ္တာဂုဏ်တော်ဖြင့် ဆုတောင်းပတ္ထနာပြုပြီးမှသာ မွေးဖွားနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့် မြတ်စွာဘုရားနှင့် ရဟန်းသံဃာများကို ခုနစ်ရက်တိုင် ဆွမ်းလုပ်ကျွေးခွင့် တောင်းခံခဲ့သည်။ သူ့နည်းတူစွာ ဆွမ်းပင့်ဖိတ်ထားသည့်သူလည်း ရှိနေသည်။ ရှင်မဟာမောဂ္ဂလန် ကိုယ်တော်ကြီး၏ ဒကာရင်း သူဌေးကြီး ဖြစ်သည်။ မြတ်စွာဘုရားက ရှေ့တွင်ပြုဖူးသည့် အလှူရှင်သူဌေးကြီးကို နောက်ဆုတ်ပေးရန် ပြောသည့်အခါ သူဌေးကြီးက မြတ်စွာဘုရားထံမှ အာမခံသုံးခု တောင်းဆိုသည်။ သူစောင့်ဆိုင်းရမည့် ခုနစ်ရက်တာကာလတွင် သူ၏ အသက်၊ စည်းစိမ်ဥစ္စာ၊ ယုံကြည်မှုသဒ္ဓါ တရားတို့ မပျက်မစီး၊ မပြောင်းမလဲ တည်နိုင်ရေးကို မြတ်စွာဘုရားက အာမခံလျှင် လိုက်လျောမည်ဟု ဆိုသည်။ မြတ်စွာဘုရားက အနာဂတ် လှမ်းမြော်ဆင်ခြင်ကြည့်ပြီးနောက် သူဌေးကြီး၏အသက်နှင့် စည်းစိမ်တို့ကို အာမခံခဲ့သည်။ သူဌေးကြီး၏ အတွင်းစိတ်မှ ဖြစ်လာသော ယုံကြည်မှုသဒ္ဓါတရားကိုတော့ အာမမခံခဲ့ပါ။ မိမိ၏အတွင်း စိတ်သန္တာန်မှာ ဖြစ်ပေါ်သည့် ယုံကြည်မှု သဒ္ဓါတရားကို မိမိကိုယ်တိုင်သာ စောင့်ရှောက်နိုင်မည်ဟု ဆိုခဲ့ပါသည်။မြတ်စွာဘုရား အာမ,မခံနိုင်သည့် ယုံကြည်မှု သဒ္ဓါတရားသည် ဘုရား၊ တရား၊ သံဃာနှင့် ဒါနအကျိုးတရားအပေါ်တွင် မြဲမြံခိုင်ကျည်သော သဘောကို ဆိုလိုသည်။ ကျွန်ုပ်တို့ လူ့လောကသားအချင်းချင်းတွင် ရှိအပ်သည့် ယုံကြည်မှုတရားကတော့ သီလ၊ သမာဓိ၊ သိက္ခာနှင့် မကောင်းမှုကိုပြုရမှာ ကြောက်တတ်ခြင်း၊ ရှက်တတ်ခြင်းပေါ် ယုံကြည်မှု သဘောတရားဖြစ်ပါသည်။ အထက်ပါ ယုံကြည်မှုကို ယခုအခါ မည်သည့်အရာက အာမခံနိုင်မည်လဲဟု တွေးဆကြည့်မိသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများလည်း အာမမခံနိုင်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုပြစ်ဒဏ်များကလည်း အာမမခံနိုင်၍သာ နေ့စဉ်နှင့်အမျှ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်နေကြ၊ ယုံကြည်မှုကို အခွင့်ကောင်းယူ၍ လိမ်လည်လှည့်ဖြား ကျူးလွန်နေခြင်းဟုပင် ဆိုချင်သည်။ မြတ်စွာဘုရား ဟောကြားသကဲ့သို့ပင် မိမိ၏မကောင်းမှုကို မကြံ၊ မပြော၊ မလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်ပေးမည့် အရာသည် သူ၏သီလ၊ သမာဓိ၊ သိက္ခာနှင့် အရှက်အကြောက်တရားများသာဟု ဆိုရမည်လား မသိပေ။ထို့ကြောင့် လူအပေါင်းတို့တွင် ကိုယ်ကျင့်သီလ စာရိတ္တများ ကောင်းမွန်ပြည့်ဝလာစေရေးအတွက် မိမိကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးပါသည်။ လူတို့၏ ဝန်းကျင်ရှိ မကောင်းမှု စေ့ဆော်တိုက်တွန်း အားပေးတတ်သော၊ အမှန်တရားကို ကိုးကွယ်ယုံကြည်မှု ပျက်ပြားစေတတ်သော အရာများ (အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆင်းရဲမွဲတေမှု၊ ပညာရည်နိမ့်ကျမှု၊ ဘာသာတရားနှင့် ကျင့်ဝတ်အသိ နည်းပါးမှု) ကိုလည်း ကျွန်ုပ်တို့ အားလုံးက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့လည်း လိုပါသည်။ ထိုသို့မဟုတ်ပါက ကျွနု်ပ်တို့ဝန်းကျင်တွင် ယုံကြည်မှုကို အာမခံနိုင်သည့် အညွှန်းကိန်းများ ဆက်လက်ကျဆင်းနေမည်သာ ဖြစ်ပါသည်။သာမန်လူတစ်ယောက်၏ ယုံကြည်မှုသည် ကျောက်ဆောင်ပမာ မြဲမြံခိုင်ကျည်ဖို့ရာ ခက်သည်။ အခြေအနေတစ်ခုနှင့် ကာလပေါ်တွင် ရုတ်ချည်းပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် မိမိ၏ အတ္တအကျိုးစီးပွားနှင့် ပတ်သက်၍လာလျှင် ပြောင်းတတ်သည်၊ ပြောင်းလဲရန် ဝန်မလေးသည့် သဘာဝရှိသည်။ အရှင်တိဿမထေရ်၏ အဖြစ်အပျက်သည် အတ္တအကျိုးစီးပွားနှင့် ဆက်စပ်၍ ယုံကြည်မှု ပျက်ပြားသွားခြင်းဖြစ်သည်။ အရှင်တိဿမထေရ်ကို ၁၂ နှစ်တိုင်တိုင် ဆွမ်းကပ်လှူဒါန်းသည့် ကျောက်သွေးသမား (ပန်းထိမ်သည်) လင်မယားရှိသည်။ ဆွမ်းခံကြွလာသော တစ်နေ့တွင် ပသေနဒီကောသလမင်းကြီးထံမှ အပ်နှံထားသော ပတ္တမြားပျောက်သည်။ ကျောက်သွေးသမားသည် မင်းပြစ်မင်း ဒဏ်ခံရမည့် အရေးကြောင့် စိုးရိမ်သောကများပြီး ၁၂ နှစ်တိုင်တိုင် ယုံကြည်မှုသဒ္ဓါတရား ရှိခဲ့သော အရှင်တိဿအပေါ် သံသယဝင်ခဲ့သည်။ ယုံကြည်မှု ပျက်ပြားခဲ့သည်မှာ မိမိ၏ အတ္တအကျိုးစီးပွား ထိခိုက်မည့်အရေးကြောင့် ဖြစ်သည်။လူ့အဖွဲ့အစည်းအတွင်း လူမှုဆက်ဆံရေးတွင် ယုံကြည်မှု အာမခံမရှိလျှင် မပေးနိုင်လျှင် တည်ငြိမ်မည်မဟုတ်။ တဖြည်းဖြည်းနှင့် ယိုယွင်းပျက်စီးလာမည်သာဖြစ်သည်။ သူ့ကို ကိုယ်ကမယုံ၊ ကိုယ့်ကိုသူက ယုံကြည်မှု အာမခံသည့် အကြောင်းတရားများတွင် မိမိတို့၏ အပြုအမူ အပြောအဆိုများ တည့်မတ်မှန်ကန် အကျိုးရှိခြင်း၊ အပြောနှင့်အလုပ်ညီခြင်း၊ ကတိနှင့် သစ္စာတည်ခြင်းများလည်း ပါဝင်နေပါသည်။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့လူများ အကြားတွင် ယုံကြည်မှုကို အာမခံနိုင်သည့် အညွှန်းကိန်းများ တိုးတက်မြင့်မားလာစေကြောင်း ရည်ရွယ်လျက်။










