ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်နေသည့် ၀ လက်နက်ကိုင်အဖွဲ့ UWSA မှ ကိုယ်စားလှယ်များ ညီလာခံမပြီးမီ ပြန်လည်ထွက်ခွာသွား

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်နေသည့် ၀ လက်နက်ကိုင်အဖွဲ့ UWSA မှ ကိုယ်စားလှယ်များ ညီလာခံမပြီးမီ ပြန်လည်ထွက်ခွာသွား
Published 1 September 2016
ငြိမ်းဇော်လင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်နေသည့် ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA) မှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁ ရက်က ညီလာခံကျင်းပနေချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ညီလာခံသို့ တက်ရောက်ရန် ၎င်းတို့အား ဖိတ်ကြားထားမှုမှာ တန်းတူညီမျှမှု မရှိသည့်အတွက် ထိုသို့ ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ 
အဆိုပါကိစ္စနှင့်ပတ်သက်၍ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) မှ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းထံသို့ မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘ဟုတ်ပါတယ်။ ကျွန်တော်တို့ ပြန်သွားပါပြီ။ အခုအမြန်လမ်းမှာပါ။ ဘာကြောင့် ပြန်ရတယ်ဆိုတာကတော့ ကျွန်တော်လည်း ပြောရေးဆိုခွင့်ရှိသူမဟုတ်တော့ ပြောလို့မကောင်းပါဘူး။ ကျွန်တော်တို့ ဌာနချုပ်ရောက်ရင်တော့ ထုတ်ပြန်တာတို့ ဘာတို့ရှိရင်တော့ ရှိမှာပါ’’ ဟု ပြောကြားသည်။
ထိုသို့ ‘ဝ’လက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာသွားမှုနှင့် ပတ်သက်၍ ၎င်းတို့ထံ တရားဝင ်အကြောင်းကြားခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းတို့ တည်းခိုသည့် နေရာသို့ သွားရောက်ကာ ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေမှု မရရှိခဲ့ကြောင်း ညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှ သိရသည်။
ညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှ  ဦးခင်ဇော်ဦးက ‘‘ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါမှာ အဖွဲ့အစည်းများစွာနဲ့ ပေါင်းစပ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ရပါတယ်။ ပေါင်းစပ် ပူးပေါင်း ဆောင်ရွက်ရတဲ့အတွက်ကြောင့် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် အစုအဖွဲ့အလိုက် ဖိတ်စာကအစ လုံခြုံရေးကတ်တွေကအစ တည်းခိုရေးတွေကအစ ဒါတွေကို ကိုယ်စားလှယ်တွေနဲ့ ဆောင်ရွက်ရပါတယ်။ ဥပမာ နိုင်ငံခြား သံတမန်တွေအတွက်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး တာဝန်ခံပြီး သူတို့ကို ဖိတ်စာပေးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် တက်ရောက်မယ့်သူ ၂၀၀ သတ်မှတ်ထားတဲ့အတွက်ကြောင့် ၂၀၀ စလုံးနဲ့ သက်ဆိုင်တဲ့ ဖိတ်စာ လုံခြုံရေးကတ်တွေကို တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်ကို ပေးပါတယ်။ နိုင်ငံရေးပါတီ ၂၂ ပါတီနောက် တစ်ခါ အနိုင်မရတဲ့ ပါတီတွေအပါအဝင် ၉၁ ပါတီတွေနဲ့သက်ဆိုင်တဲ့ ဖိတ်စာ၊ သက်ဆိုင်တဲ့ကတ်တွေကိုလည်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်ကိုပေးပါတယ်။ ကျွန်တော်တို့ ဖိတ်စာတွေ၊ ကတ်တွေ ဖြန့်ဝေတဲ့စနစ်ကို ပြောပါတယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီကလူတွေက လေ့လာသူ ကတ်ကိုကိုင်ပါတယ်။ လေ့လာသူတွေက individual လာကြမှာ ဖြစ်တဲ့အတွက်ကြောင့် ကတ်တွေကို လာယူပါဆိုပြီး အဲဒီကတ်တွေကို ကျွန်တော်တို့ကိုင်ထားပါတယ်။ ခေါင်းစဉ်ရှိတဲ့သူတွေကို သက်ဆိုင်ရာကနေ ကျွန်တော်တို့ ပေးလိုက်ပါတယ်။ ဒါတစ်ချက်ပါ။ နောက်တစ်ခါ ‘ဝ’
ကိုယ်စားလှယ်အဖွဲ့ တက်မယ်ဆိုတဲ့သတင်းရပါတယ်။ ဒါပေမဲ့ ရောက်ရှိလာတဲ့အခါ ဘယ်နေရာမှာ တည်းမလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ သူတို့အဆင်ပြေတဲ့ ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ တည်းပြီးတော့မှ EAO ကိုယ်စားလှယ်နဲ့ ဆက်သွယ်ရမယ်ဆိုတာ သူတို့သိလား မသိဘူးလား။ ကျွန်တော်တို့ မသိပါဘူး။ ညနေပိုင်းအထိကို သူတို့မရသေးတဲ့အခါမှာ ကျွန်တော်တို့ ပူးပေါင်းနဲ့ ချိတ်ဆက်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာတော့ လေ့လာသူကတ်ရှိတယ်။ မနက်ဖြန်ဝင်လို့ရအောင်တော့ လေ့လာသူကတ်ကို ခဏပေးမယ်။ မနက်ဖြန်ကျရင် EAO နဲ့ ဆက်သွယ်ပြီး တောင်းပေးမယ်လို့ ကျွန်တော်တို့ပြောပြီးတော့ အခြေအနေကိုပြောပြတယ်။ ခင်ဗျားတို့ကတော့ ခုမှရောက်လာတော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်ကိုပေးလိုက်ပါပြီ။ ကျွန်တော်တို့ဆီမှာ လေ့လာသူကတ်ပဲရှိတော့ လောလောဆယ် ဒီကတ်နဲ့ ခဏဝင်ပါ။ မနက်ဖြန် လဲပေးပါ့မယ်ဆိုတဲ့ request နဲ့။ ၃၁ ရက် ဖွင့်ပွဲ အခမ်းအနား ပြီးတဲ့အချိန်မှာ ကျွန်တော်နဲ့လည်းတွေ့ပါတယ်။ ကျွန်တော့်ကို ပြောပါတယ်။ သူတို့ လေ့လာသူကတ် ဖြစ်နေတယ်။ စကားပြောလို့ မရဘူးလားလို့။ ရတယ်။ ခင်ဗျားတို့က လေ့လာသူ မဟုတ်ပါဘူး။ ခင်ဗျားတို့က တင်းပြည့်ကျပ်ပြည့် ဖိတ်ထားတဲ့သူတွေဖြစ်တယ်။ မနေ့က ဝင်ဖို့ထွက်ဖို့လွယ်အောင်ဆိုပြီး ဒီကတ်ပေးထားခြင်းဖြစ်တယ်။ ဒီနေ့လယ်ပိုင်းမှာ သက်ဆိုင်သူတွေနဲ့ဆက်သွယ်ပြီးတော့မှ ကတ်ကိုပြန်လဲပေးမယ် ဆိုပြီးတော့မှ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ကိုပြောပါတယ်။ ပြီးတော့ dinner မစခင်မှာ ကတ်ရတဲ့အချိန်မှာ ကတ်ပေးမယ်လို့ပြောတော့ ခင်ဗျားတို့ပဲ ကိုင်ထားလိုက်ပါ။ ကျွန်တော်တို့ မယူသေးပါဘူးဆိုပြီး ဒီလိုပြောပါတယ်။ ဒါလေ့လာသူကတ် ကိစ္စဖြစ်ပါတယ်။ ဒါကျွန်တော်ယူဆတာကတော့ miss – understand ဖြစ်တာပေါ့။ သူတို့တည်းတဲ့ နေရာကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ကိုလည်း တရားဝင်ဆက်သွယ်မှု မရှိတာရယ်၊ EAO တွေ တည်းမယ့် နေရာကိုမသိတာလည်း ဖြစ်မယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို သူတို့မသိတာလည်း ဖြစ်မှာပေါ့။ အဲဒီဟာတွေက အချိန်မီ သူတို့ဆက်သွယ်ဆောင်ရွက်မှု miss understand ဖြစ်သွားတဲ့အခါမှာ ကတ်ကို ကျွန်တော်တို့က အဆင်ပြေမယ့်ကတ်၊ အလွယ်ဆုံးရှိတဲ့ကတ်ကို ကျွန်တော်တို့က ပေးလိုက်ရတယ်’’ ဟု ပြောကြားသည်။
ထို့အတူ ဒေါက်တာဆလိုင်းလျန်မှုန်းက ၎င်းတို့အား တရားဝင်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ နေရာချထားမှုတွင်လည်း ရှေ့ဆုံးတွင် စီစဉ်ထားရှိခဲ့ကြောင်း၊ ခွဲခြားဆက်ဆံမှု လုံးဝမရှိခဲ့ကြောင်းနှင့် တန်းတူဆက်ဆံရေးအပြင် အထူးဦးစားပေးအဆင့်နှင့်ပင် ဆက်ဆံခဲ့ကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
‘‘ဒါ နိုင်ငံရေးအရ ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး။ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး။ အဖွဲ့အစည်းအရ ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး။ ပြည်သူ ထောင်ပေါင်းများစွာလာတဲ့ ဒီလိုပွဲမျိုးမှာ စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်တဲ့နေရာမှာ နည်းပညာအရ ချို့ယွင်းချက် အနည်းငယ်သာဖြစ်ပါတယ်။ ဒါကိုလည်း ညနေပိုင်းမှာ အပြီးအပိုင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ သူတို့နဲ့အတူပါလာတဲ့ မိုင်းလားအဖွဲ့ဆိုရင်လည်း ထိုနည်းအတူ ညနေပိုင်းမှာ တရားဝင် လည်ဆွဲကတ်တွေ သွားပေးခဲ့ပါတယ်။ အဲဒီအပေါ်မှာ နားလည်မှုလွဲမှားမှု၊ ဆက်သွယ်ရေး ဆက်ဆံရေးနေရာမှာ ချို့ယွင်းမှု၊ နည်းပညာပိုင်း အနည်းငယ် ချို့ယွင်းမှုအပေါ်မှာတော့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ သူတို့အနေနဲ့လည်းပဲ စိတ်ရှည်ရှည်ထားပြီးတော့ နောက်နောင်မှာ နည်းပညာကြောင့် အင်မတန်မှ ကြီးကျယ်တဲ့ပွဲကို သူတို့မှာ ပျက်လိုပျက်စီးလုပ်လိုတဲ့ စိတ် လုံးဝမရှိဘူးဆိုတာ ကျွန်တော်သိတယ်။ ရေရှည်မှာလည်းပဲ အားလုံးလက်တွဲပြီးတော့ ဒီထက်မက ကောင်းအောင်လည်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့အား ဖြစ်စဉ်အမှန်အတိုင်း ရှင်းပြရန်၊ မည်သူ့ကိုမျှ အပြစ်မတင်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှ ဦးဇော်ဌေးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယနေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက သဘောထားများကို တင်သွင်းခြင်းဖြစ်ရာ မွန်းလွဲပိုင်းအစီအစဉ်တွင် UWSA ၏ စာတမ်းတင်သွင်းမည့် အစီအစဉ်ပါဝင်ခဲ့သည်။ ညီလာခံတွင် UWSA အဖွဲ့၏ စာတမ်းကို ဖတ်ကြားခဲ့ခြင်း မရှိသော်လည်း အခြားစာတမ်းများနှင့်တန်းတူ မှတ်တမ်းတင ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံသို့ တအာင်းလက်နက်ကိုင်အဖွဲ့  TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊  ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့မှ လွဲ၍ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှ သိရသည်။
၂၁ ရာစု ပင်လုံညီလာခံသို့ UWSA သည် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း မရှိဘဲ ဆက်ဆံရေးတာဝန်ခံ အဆင့်နှင့်အဖွဲ့သာ တက်ရောက်ခဲ့ကြောင်း သိရသည်။                     

Most Read

Most Recent