(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၀၀ ကျော် သဘောထား ထုတ်ပြန် ကြေညာ

(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၀၀ ကျော် သဘောထား ထုတ်ပြန် ကြေညာ
Published 31 August 2016

(၂၁) ရာစု ပင်လုံညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ် ရပ်စဲရေးအား ကြေညာပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၁၃ ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအား စတင်ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်သူရွေးချယ် တင်မြှောက်သော အရပ်သား အစိုးရသစ် လက်ထက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရရှိနိုင်ရန် ညီလာခံကြီးကို အစပြုနိုင်ခဲ့ခြင်းအတွက် မိမိတို့မှ များစွာ ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ (၂၁) ရာစု ပင်လုံညီလာခံကြီးမှ စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရန်အတွက် အောက်ပါအချက်များကို ဖြည့်ဆည်း လုပ်ဆောင်ခြင်းဖြင့် အနှစ်သာရပြည့်ဝသော အလှည့်အပြောင်း ဖြစ်စဉ်ကြီး တစ်ခုကို ဖော်ဆောင် နိုင်မည်ဟု မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများမှ ယုံကြည်ကြောင်း ဖော်ပြထားသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ၏ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်များအတွက် အပြန်အလှန် လေးစားယုံကြည်မှုကို အကျည်းတန် ပျက်ပြားစေမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်တန့်ပြီး ညီလာခံ စတင်သည့်နေ့တွင် နှစ်ဖက်တပ်များမှ တရားဝင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနယ်မြေနှင့် ဆက်စပ်နယ်မြေများ အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ လုံခြုံရေးကို ဖော်ဆောင်ရာတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ညှိနှိုင်းဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာပေးရန် ဖော်ပြထားသည်။ထို့ပြင် ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုပြီး ပါဝင်လာနိုင်ခွင့် မရသေးသည့် အဖွဲ့အစည်းများအား နောက်တစ်ကြိမ် ကျင်းပမည့် ညီလာခံတွင် ပါဝင်လာနိုင်ရန် အစိုးရနှင့် တပ်မတော်မှ သဘောထားကြီးစွာဖြင့် စေ့စပ်ညှိနှိုင်း အကောင်အထည်ဖော်ပေးရန် သဘောထား ကြေညာချက်တွင် ရေးသားထားသည်။ယင်းအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) သဘောတူညီချက်အရ အရပ်ဘက် အဖွဲ့အစည်းများအား ကဏ္ဍစုံတွင် ပါဝင်ကူညီ ဆွေးနွေးခွင့် ပြုပေးပါရန်နှင့် အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီ လုပ်ဆောင်သွားနိုင်ရန်အတွက် အဓိက အဟန့်အတား ဖြစ်နေသော မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ အား ပယ်ဖျက်ပေးပါရန်နှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ထုတ်ပြန်ပေးရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံအား ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အတူတကွ တည်ဆောက်နိုင်မည့် အနှစ်သာရ ပြည့်ဝသော ညီလာခံတစ်ခု ဖြစ်လာစေရန်အတွက် လိုအပ်သည့် အခင်းအကျင်း ဟူသမျှကို ဆွေးနွေး၊ ညှိနှိုင်းဖော်ဆောင်သွားရန်နှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (UNDRIP) ကို လိုက်နာ အကောင်အထည်ဖော်ရန် ကြေညာချက်တွင် တောင်းဆိုထားသည်။အထက်ပါ အချက်များကို အပြည့်အ၀ အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်းဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် ရေရှည်တည်တံ့ စစ်မှန်ပြီး ငြိမ်းချမ်းသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီးကို ဆောင်ကြဉ်းပေးနိုင်သည့် တန်းတူညီမျှရေးကို အာမခံသော အနှစ်သာရကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံမှ ဖော်ဆောင်နိုင်ပါစေဟု မိမိတို့ အရပ်ဘက် အဖွဲ့အစည်းများမှ ဆန္ဒပြုကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရေရှည်တည်တံ့သော ရလဒ်များ သမိုင်းမော်ကွန်းများ ပေါ်ထွန်းလာရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် အပြည့်အ၀ ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent