သစ်ပင်များ

သစ်ပင်များ
Published 5 August 2016
ဆောင်းဝေ(နတ်မောက်)

သိပ်မကြာသေးခင်အခါက Facebook တွင် ကာတွန်းတစ်ခု ကြည့်ရပါသည်။ ထိုကာတွန်းကို မည်သူရေးဆွဲသလဲဆိုတာတော့ မမှတ်မိတေ့ာပါ။ ကာတွန်းထဲတွင် တောထဲတွင်နေသော တာဇံက သစ်ပင်တစ်ပင်မှတစ်ပင် ခုန်ကူးနေပုံဖြစ်ပါသည်။ တာဇံကနေ စိမ်းလန်းသော သစ်ပင်တစ်ပင်မှ ကြိုးဖြင့်ခုန်ကူးလိုက်ရာ သူရည်ရွယ်ထားသော အခြားတစ်ဖက်မှာတေ့ာ သစ်ပင်များ မရှိတော့ဘဲ သစ်ငုတ်မြောက်မြားစွာပဲရှိနေပြီး တာဇံကတော့ လေထဲတွင် တွဲလောင်းကြီးဖြစ်နေသည်ကို ပုံဖော်ထားပါသည်။သစ်ပင်သစ်တောများ ရှားပါးလာပုံကို ကာတွန်းဆရာက သရော်လိုဟန်ဖြင့် သရုပ်ဖော် မီးမောင်းထိုးပြထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမြေပေါ်တွင် သစ်ပင်သစ်တောများစွာတို့သည် ကျေးဇူးများသော သဘာဝသယံဇာတ ဖြစ်ပါသည်။ကျွန်တော်တို့ငယ်ငယ်က တောသူတောင်သားများ လယ်ယာလုပ်ကိုင်ဖို့ တောတောင်ထဲသွားတဲ့အခါမှာ သစ်ပင်ခပ်ကြီးကြီးများရဲ့အောက်မှာ အနားယူလေ့ရှိကြပါသည်။ ကလေးငယ်များသည် သစ်ပင်ခပ်ကြီးကြီးများ၏အောက်မှာ ဆော့ကစားလေ့ရှိပါသည်။ တောနယ်ဘက်တွေမှ လူများသည် ခရီးထွက်ရန်အတွက် အဝေးပြေးလမ်းမများမှ ကားများကို သစ်ပင်များအောက်မှာ ရပ်စောင့်နေလေ့ရှိကြပါသည်။ရှေးခေတ်လူကြီးသူမများသည် ညအခါများတွင် သစ်ပင်ကြီးများအောက်တွင် ထိုင်စရာအသီးသီးဖြင့် ရေနွေးကြမ်းများသောက်ကာ စကားပြောလေ့ရှိကြပါသည်။ သစ်ပင်သည် ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသောနယ်ပယ်များပါမကျန် အကျိုးကျေးဇူး ပြုခဲ့ကြပါသည်။ယနေ့ခေတ်မှာတော့ နယ်ပယ်ပေါင်းစုံရှိ ပညာရှင်များစွာမှ ပြောနေကြသည်မှာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ရခြင်း၏ အခြေခံ အကြောင်းရင်းမှာ သစ်ပင်များ ရှားပါးလာခြင်းကြောင့်ဟု ဆိုကြပါသည်။ မိုးခေါင်ခြင်း၊ ရေရှားပါးလာခြင်း၊ တစ်နှစ်ထက်တစ်နှစ် နေပိုပူပြင်းလာခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ မြေပြို၊ တောင်ပြိုမှု များလာခြင်းများ၊ ရေခဲတောင်များ အရည်ပျော်ကျလာခြင်း၊ ပင်လယ်ရေ မြင့်တတ်လာခြင်းစသော ဖြစ်ရပ်များမှာ သစ်ပင်များရှားပါးလာခြင်း၏ အကျိုးဆက်ဟု ထောက်ပြလာကြပါသည်။သစ်ပင်များကိုတွေ့လျှင် ကျွန်တော်တို့ မြန်မာလူမျိုးများသည် သဘောကျတတ်ကြပါသည်။ သစ်ပင်များ၏ အရေးပါမှုကိုလည်း ပညာရှင်များလို မသိလျှင်သော်မှ သာမန်လူတစ်ယောက် သိသင့်သလောက် ဗဟုသုတများ ရှိကြသလို ရိုးရာယဉ်ကျေးမှုမှာ သစ်ပင်များရဲ့ အရေးပါမှုကိုတော့ သိကြပါသည်။ ဒါပေမဲ့ သစ်ပင်များကတေ့ာ တဖြည်းဖြည်း ရှားပါးလာကြပါသည်။ ရန်ကုန်ရှိ ကျွန်တော်နေသော အဆောင်ပတ်ပတ်လည်မှာ အစက အုန်းပင်၊ ပိနဲ္နပင်၊ သရက်ပင်စတဲ့ သစ်ပင်တွေ အတော်များပါသည်။ နောက်တော့ အဆောင်ပိုင်ရှင်က အုန်းသီးတွေ ကားပေါ်ကျမှာစိုးလို့ဆိုပြီး အုန်းပင်တွေတစ်ပင်ပြီးတစ်ပင် ခုတ်ပစ်ပါသည်။ အခြားသစ်ပင်များကိုလည်း ရှုပ်သည်ဟု အကြောင်းပြကာ တဖြည်းဖြည်း ထပ်မံခုတ်ပစ်ပါသည်။ထို့အတူပင် ရန်ကုန်မြို့၏ နေရာအတော်များများမှာလည်း ဓာတ်ကြိုးနဲ့ မလွတ်လို့၊ စီမံကိန်းနဲ့မလွတ်လို့၊ လမ်းနဲ့မလွတ်လို့ဆိုပြီး သစ်ပင်ပေါင်းမြောက်မြားစွာကို ခုတ်လဲှခဲ့ကြပါသည်။ ဒါကတော့ ကျွန်တော်တို့လို သာမန်ပြည်သူတွေရဲ့ သာမန်နေ့စဉ်ဘ၀ ဖြတ်သန်းမှုထဲတွင် တွေ့မြင်ရသော အခြေအနေများဖြစ်ပြီး ခေတ်စနစ်၏ ရိုက်ခတ်မှုပင် ဖြစ်မည်ထင်သည်။ တကယ့်ဧရာမသစ်တောကြီးတွေ ရှားပါးလာမှုကိုတေ့ာ မီဒီယာများမှတစ်ဆင့် မကြာခဏ ကျွန်တော်တို့ တွေ့ မြင်ကြားသိနေရပါသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၂၆ ရက်မှာ ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များမှ ကြီးမှူးကာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံမှာ ယခုလက်ရှိ သစ်ထုတ်လုပ်မှု မပြုရသေးဘဲ မူလအတိုင်း တည်ရှိနေသည့် သစ်တောဖုံးလွှမ်းမှုမှာ ၁၀ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက အက်ဖ်အေအို (FAO) ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောခဲ့တာဖတ်ခဲ့ရပါသည်။  ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားတွင် သစ်တောဖုံးလွှမ်းမှု ပမာဏမှာ ၂၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှာ ၆၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၃၇ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အနေအထားမှာ ၁၈၅၆ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀၊ ၁၉၂၅ ခုနှစ်တွင် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင်  ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၆ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြသည်ဟု ပြောသွားတာကို မီဒီယာများမှတစ်ဆင့် ဖတ်လိုက်ရပါသည်။ကျွန်တော်တို့နိုင်ငံမှာ သစ်ပင်များ နည်းပါးလာတာကတေ့ာ ငြင်းလို့မရသော မျက်မြင်ဆုံးရှုံးတစ်ခု ဖြစ်ပါသည်။ သစ်ပင်များ နည်းပါးလာခြင်းရဲ့ဆိုးကျိုးများကိုလည်း ကျွန်တော်တို့ ပြည်သူတွေ နှစ်စဉ်ခံစားလာကြရပါသည်။ တကယ်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေဟာ သစ်ပင်များနှင့် မဖြစ်မနေ ပတ်သက်နေကြရပါသည်။သစ်ပင်များသည် ကား၊ ရထားနှင့် စက်ရုံများမှ ထုတ်လွှတ်နေသော အနံ့ဆိုးများနှင့် ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပေးသည်ဟု ဆိုပါသည်။ ထို့အတူ လူတို့အသက်ရှင် နေထိုင်နိုင်အောင် သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်များကိုလည်း တန်ပြန်ထုတ်လွှတ်ပေးပြန်ပါသည်။သိုးဆောင်းစကားပုံတစ်ခု ကြားဖူးပါသည်။ ခဏပျော်ချင်ရင် အရက်သောက်၊ တစ်လပျော်ချင်ရင် မိန်းမယူ၊ တစ်သက်ပျော်ချင်ရင် သစ်ပင်စိုက်ဟူ၍ ဖြစ်ပါသည်။ သစ်ပင်များ၏ အရေးပါပုံကို ပြောပြသောစကားပုံ ဖြစ်မည်ထင်သည်။သစ်ပင်များ အရေးပါပုံကို ပညာရှင်များကလည်း သူနည်းသူ့ဟန်ဖြင့် သိသလို သာမန်ပြည်သူများကလည်း သိနေကြသည်သာ ဖြစ်ပါသည်။ ရုပ်သံမီဒီယာများနှင့် လမ်းဘေးဆိုင်းဘုတ်များပေါ်တွင် “စိမ်းလန်းသော ကမ္ဘာသစ်ကိုရဖို့ သစ်ပင်စိုက်ကြပါစို့” ဟူသောစကားနှင့် အဓိပ္ပာယ်ဆင်တူသော ဆောင်ပုဒ်များစွာကိုလည်း မကြာခဏ တွေ့မြင်ကြားသိရလေ့ရှိပါသည်။တကယ့်လက်တွေ့မှာတေ့ာ သစ်ပင်များ ရှားပါးလာမှုရဲ့ အကျိုးဆက်ကိုတေ့ာ လူတိုင်းခံစားနေကြရဆဲသာ ဖြစ်ပါသည်။ သစ်ပင်တို့သည် သက်မဲ့ဆိုပေမယ့် ကမ္ဘာမြေကို ဆိုးကျိုးထက် ကောင်းကျိုးများကိုသာ ပေးတတ်သည်ဟု ထင်ပါသည်။ မရောက်ဖူးသော နေရာတစ်ခုခုဆီကို ခရီးထွက်ဖြစ်ကြတဲ့အခါ လမ်းမှာသစ်ပင်အုပ်အုပ်ကြီးတွေ၊ စိမ်းလန်းသော သစ်ပင်တန်းတွေကို တွေ့မြင်ကြရတဲ့အခါ  ကျွန်တေ့ာ် မိတ်ဆွေသူငယ်ချင်းများက ဝမ်းသာအံ့သြဟန်တို့ ပြတတ်ကြတာ မကြာခဏ ကြုံဖူးပါသည်။သစ်ပင်တစ်ပင်သည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အကျိုးပြုလေ့ရှိပြီး အနည်းဆုံးတော့ စိမ်းလန်းသော သစ်ပင်သစ်တောများကို ကြည့်ရသည်မှာ စိတ်ချမ်းသာကြရပါသည်။ သစ်ပင်တိုင်းသည် သူ့ကိုယ်ပိုင် လက္ခဏာများဖြင့် အသုံးဝင်ကြသည်သာ ဖြစ်ပါသည်။ သစ်ပင်များသည် ကျွန်တော်တို့၏ နေ့စဉ်ဘဝကို ပုံစံအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပါသည်။

Most Read

Most Recent