ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန် လာမည့် ၂၀၁၈ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ရန် အကောင်ထည်ဖော် ဆောင်ရွက်နေ

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန် လာမည့် ၂၀၁၈ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ရန် အကောင်ထည်ဖော် ဆောင်ရွက်နေ
Published 20 July 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာစေရန် လာမည့် ၂၀၁၈ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။အဆိုပါ Visit Myanmar Year မြန်မာ့ ခရီးသွားနှစ်အဖြစ် သတ်မှတ်ရန် ခရီးသွားပြပွဲများတွင် နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှုများ ထည့်သွင်း ဖော်ပြလာခြင်းနှင့် အတူ ခရီးသွား ဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်နေပြီး ၂၀၁၈ ခုနှစ် မတိုင်မီ ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။“မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ဖို့ဆိုရင် Promotion တွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ လာမယ့် ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖော်ဖို့ဆိုရင် ပြင်ဆင်ထားရမှာတွေက အများကြီးပါ။ Visit Myanmar Year လုပ်ခဲ့တာက နှစ်ပေါင်း ၂၀ ကျော် နေပါပြီ။ အခုလက်ရှိမှာ Tourism ကဏ္ဍက အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါပြီ။ ခရီးသွားနှစ် ဖြစ်ဖို့အတွက် ခရီးသွားလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း မျှော်လင့်နေကြတာပါ။ ပြီးတော့ လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံကို ခရီးသွားတွေ ဝင်ရောက်တဲ့ အခါမှာ Package ကို ပိုပြီး အလေးထားကြတယ်။ အဲဒီအတွက် Promotion လုပ်မယ်ဆိုရင် ထိရောက်တဲ့ Promotion ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို မျှော်လင့်ထားတဲ့ ခရီးသွား အရေအတွက်အတိုင်း ဝင်ဖို့ဆိုရင် ဟိုတယ်ခ ကြီးမြင့်တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေ သာမကဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရင် ပိုပြီးကောင်းသွားမှာပါ” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများအား Package ခရီးစဉ်ဖြင့်သာ လာရောက်လည်ပတ်ရန် မျှော်မှန်းနေကြောင်း သိရသည်။ထို့ပြင် ခရီးသွားနှစ် မတိုင်မီ မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန် ဟိုတယ်အခန်းခများနှင့် ခရီးစရိတ်များကို အာဆီယံ အိမ်နီးချင်းနိုင်ငံများထက် လျှော့ချနိုင်ရန် လိုအပ်ကြောင်းလည်း သိရသည်။“လေကြောင်းလိုင်း ဈေးကြီးတာတွေကိုလည်း ပြန်လည် သုံးသပ်ပြီး အဲဒီအတွက် ဝန်ကြီးဌာနနဲ့လည်း ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ နောက်ပြီး ခရီးသွားနှစ် အကောင်အထည် ပေါ်ပြီဆိုရင် ၂၀၁၈ ခုနှစ်လောက်မှ ဖြစ်မှာပါ” ဟု ဦးသက်လွင်တိုးက ဆက်လက် ပြောကြားသည်။လက်ရှိတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကျဆင်းနေခြင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပြီး Transportation စရိတ် လျှော့ချနိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက် ထိရောက်သော အကျိုးကျေးဇူးများ ရရှိလာမည်ဟု WTTC မှ သုံးသပ် ပြောကြားထားသည်။ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနမှလည်း လက်ရှိ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ငါးသန်းခွဲ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသွား သန်း ၂၀ ကျော် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Most Read