ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအား ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ တင်ပြမည်

ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအား ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ တင်ပြမည်
Published 18 July 2016
ဖြိုးဝေ

ငွေမည်းများကို ငွေဖြူဖြစ်အောင် လုပ်ပေးနေကြောင်း ဝေဖန်ခံနေရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအား အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံနေသည့် စနစ်ကို ဖျက်သိမ်းရန် သမ္မတထံ အကြံပြုတင်ပြမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ပုဒ်မ ၂၄ အရ ဝင်ငွေခွန် ဥပဒေပုဒ်မ (၆) နှင့် ၆(က) အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် ဝင်ငွေခွန်စည်း ကြပ်ရမည်ဟူ၍ လည်းကောင်း၊ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေ အားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်စည်းကြပ် ရမည်ဖြစ်ကြောင်း၊ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်း ဆောင်ရန်မလိုကြောင်း၊ ယင်းပုဒ်မအရ အခွန် စည်းကြပ်ခြင်းသည် တရားမဝင် ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရကြောင်း ပြဋ္ဌာန်းထားသည်။
ထိုသို့ ဝင်ငွေရလမ်း ပြသနိုင်ခြင်းမရှိ သည့်ငွေများဖြင့် အိမ်ခြံမြေ၊ မော်တော်ကား အစရှိသည့် အခြေပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်သို့ တရားဝင် အခွန်ပေးဆောင်ခြင်း မရှိပါက ဝယ်ယူခွင့်မပြုသည့် အခွန်စနစ်ကို စတင်ကျင့်သုံးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါ ဝင်ငွေရလမ်း မပြနိုင်သည့် ဝင်ငွေများအား အခွန်ကောက်၍ အခြေပစ္စည်းများ ဝယ်ယူခွင့်ပြုနေခြင်းမှာလည်း မြန်မာနိုင်ငံ၏ ငွေမည်းခဝါချမှု လုပ်ငန်းစဉ်များနှင့် ဆန့်ကျင်နေကြောင်း နိုင်ငံတကာမှ ပညာရှင်များက ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။
၂၀၁၆ ခုနှစ် အခွန်အကောက်ဥပဒေပါ ဝင်ငွေခွန် စတင်စည်းကြပ်ရမည့် ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်း မရှိသည့် ဝင်ငွေပမာဏ၏ ဥပဒေပါနှုန်းထားများသည် တစ်ဦးချင်း ပုဂ္ဂိုလ်များ ထမ်းဆောင်ရမည့် အခွန်နှုန်းထားထက် နည်းပါးနေသဖြင့် တရားမျှတသည့် အခွန်ဖြစ်စေရေးအတွက် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ရာခိုင်နှုန်း၂၀၊ ကျပ်သိန်း ၁၀၀၁ ကျပ်နှင့် အထက်ကို ရာခိုင်နှုန်း ၃၀ ဖြင့်ပြင်ဆင်ရန် ယခင်အစိုးရ လက်ထက်တွင် ဒေါက်တာဝင်းမြင့်က ဆွေးနွေးခဲ့ခြင်းကို အတည်ပြုပေးရန် ယခင်ဘဏ္ဍာရေး ဝန်ကြီးဌာန (လက်ရှိစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန) တွင် ဒုဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာလင်းအောင်က ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။
၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၃ ခုကြား မြန်မာနိုင်ငံမှ တရားမဝင် ငွေကြေးစီးဝင်မှု ဒေါ်လာဘီလျံ ၉၀ ခန့်နှင့် စီးထွက်ငွေ ဒေါ်လာ ၁၉ ဘီလျံဝန်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က “Flight capital and illicit financial flows and from Myanmar: 1960-2013 အမည်ဖြင့် စက်တင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ထိုသို့နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် စီးဝင်ခဲ့သည့် အမေရိကန်ဒေါ်လာ များစွာသည် အိမ်ခြံမြေဈေး ကွက်အတွင်းသို့ အဓိကစီးဝင်ခဲ့ကာ ရွေး ကောက်ပွဲအပြီးတွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်း ရှိသည့် အနေအထားသို့ ရောက်ရှိရန် ထိုသို့တရားမဝင် စီးဝင်နေသည့် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက သုံးသပ်သည်။
“ဒီစနစ်ကို နိုင်ငံတကာနဲ့ညီအောင် ဖျက်ပစ်သင့်တယ်လို့ အကြံပြုတာပေါ့။ ဒါပေမဲ့ ဆုံးဖြတ်တာကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့” ဟု ဦးမင်းထွဋ်က ဆက်လက် ပြောကြားသည်။
ထိုသို့ ဝင်ငွေရလမ်းပြသနိုင်မှု မရှိသည့် ဝင်ငွေများကို အခွန် ရာခိုင်နှုန်း ၃၀ ကောက်ခံ နေသည့် စနစ်အား ဖျက်သိမ်းပါကလည်း ငွေမည်းခဝါချသည့် စနစ်အား ပပျောက်အောင် လုပ်ဆောင်နိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်းနှင့် မည်သည့် အကြောင်းအချက်များကြောင့် ငွေမည်းခဝါချမှု ဖြစ်နေသည် ဆိုသည့် အချက်များကို လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။