လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်းပြီးနောက် နိုင်ငံခြား၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု ခွင့်ပြု

လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်းပြီးနောက် နိုင်ငံခြား၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု ခွင့်ပြု
Published 17 July 2016

လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ဖွဲ့စည်းပြီးနောက် နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုကို လုပ်ကိုင်ခွင့် ချပေးခဲ့ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၈၇၇၆ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဇွန်လအတွင်း ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးပြုလုပ်သည့် ကော်မရှင်အစည်းအဝေး (၁၂/၂၀၁၆) တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုကို ခွင့်ပြုမိန့်ချပေးခဲ့ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၈၆၅ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
 
ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး (၁၃/၂၀၁၆) တွင် နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၁၁ ခုကို  ခွင့်ပြုမိန့် ချပေးခဲ့ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၇၉၁၁ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးနှစ်ခုမှ နိုင်ငံခြားနှင့် နိုင်ငံသားရင်းနှီးြ့မှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ခွင့်ပြုမိန့် ချပေးခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၇၆၆ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဇွန် ၇ ရက်တွင်  ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
 
ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။ ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ်  ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးဌေးချွန်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်တို့ ပါဝင်ကြောင်း သိရသည်။