နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့၌ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပထမနေ့ကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် အစည်းအဝေး မစတင်မီအချိန်တွင် တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု၌ သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။
ထို့ပြင် ယင်းအကြမ်းဖက် တိုက်ခိုက်မှုအား ရက်စက်ကြမ်းကြုတ်ပြီး သူရဲဘောကြောင်သည့် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ပူးပေါင်းဆန့်ကျင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ယခုကျင်းပနေသည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသည် နှစ် (၂၀) ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး စတင်ကျင်းပချိန်တွင် အာရှနှင့် ဥရောပတို့မှ ၂၆ နိုင်ငံဖြင့် စတင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၅၃ နိုင်ငံအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သမ္မတဦးထင်ကျော်သည် ဇူလိုင် ၁၅ ရက်တွင် မွန်ဂိုလီးယားသမ္မတ မစ္စတာ ဇက်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ဂျ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မွန်ဂိုလီးယား သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။
မွန်ဂိုလီးယား သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ မွန်ဂိုလီးယားသမ္မတ မစ္စတာဇက်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ် ဒေါ့ဂျ်က (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် သမ္မတဦးထင်ကျော်အား ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သမ္မတဦးထင်ကျော်နှင့် မွန်ဂိုလီးယား သမ္မတတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း မွန်ဂိုလီးယား သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက မွန်ဂိုလီးယားသမ္မတ မစ္စတာဇက်ခ်ဟီးလ်ယာဒ်အယ်လ်ဘတ်ခ်ဒေါ့ဂျ် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီး လာရောက်စဉ် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ယခုကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ် မတိုင်မီ သမ္မတဦးထင်ကျော်သည် မေ ၆ ရက်က လာအိုနိုင်ငံသို့ နေ့ချင်းပြန် ခရီးစဉ်နှင့် မေ ၁၈ ရက်တွင် ရုရှားနိုင်ငံသို့ ရုရှား-အာဆီယံ ဆက်ဆံရေး နှစ် (၂၀) ပြည့် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့သည်။