မြန်မာကျပ်ငွေတန်ဖိုး ခုနစ်လအတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းကြောင့် အာဆီယံနိုင်ငံများအတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးအဖြစ် စင်ကာပူအခြေစိုက် UOB ဘဏ်က သတ်မှတ်

မြန်မာကျပ်ငွေတန်ဖိုး ခုနစ်လအတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းကြောင့် အာဆီယံနိုင်ငံများအတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးအဖြစ် စင်ကာပူအခြေစိုက် UOB ဘဏ်က သတ်မှတ်
Published 15 July 2016
စည်သူအောင်

မြန်မာကျပ်ငွေ တန်ဖိုးသည် ခုနစ်လအတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းကြောင့် အာဆီယံနိုင်ငံများ အတွင်း စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးအဖြစ် စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank (UOB) က သတ်မှတ်ခဲ့ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မြန်မာကျပ်ငွေသည် ၂၀၁၆ ခုနှစ် ခုနစ် လအတွင်း ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံများအနက် တန်ဖိုးအမြင့် တက်ဆုံးငွေကြေးတစ်ရပ် ဖြစ်လာခဲ့ခြင်းဖြစ် သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်ဝန်းကျင်ရှိရာမှ ယခု ဇူလိုင် ၁၅ ရက်တွင် ၁၁၇၇-၁၁၇၉ ဝန်းကျင်အထိ တန်ဖိုးမြင့်တက်လာသည်။
“ငွေကြေးခိုင်မာလာမှုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုးတက် ပြောင်းလဲမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကြောင့် ကောင်းမွန်တဲ့ ရှုမြင်သုံးသပ်မှုတွေဆီကို ပိုမိုတွန်းပို့ပေးနေပြီး အဲဒီကတစ်ဆင့် နိုင်ငံ့ရဲ့ ကဏ္ဍပေါင်းစုံမှာ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံဖို့ ပိုမိုစိတ်ဝင်စား လာစေပါတယ်။ အထူးသဖြင့် ရေနံနဲ့ ဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာပါ” ဟု UOB ဘဏ်မှ စီးပွားရေးပညာရှင် Alvin Liew က ဆိုသည်။
အာရှနိုင်ငံများ၏ ငွေကြေးတွင် ဂျပန်နိုင်ငံ၏ ယန်းငွေက တန်ဖိုးအမြင့်တက်ဆုံးဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလကထက် ၁၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ မြန်မာနိုင်ငံက ဒုတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
အာရှနိုင်ငံများအနက် တရုတ်နှင့် အိန္ဒိယက ငွေကြေးတန်ဖိုးများ ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက တရုတ်ယွမ်က ၂  ဒသမ ၉ ရာခိုင်နှုန်း၊ အိန္ဒိယ ရူပီးက ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အာဆီ ယံနိုင်ငံများတွင် မလေးရှား၊ စင်ကာပူ၊  အင်ဒို နီးရှားနှင့် ထိုင်းနိုင်ငံတို့ လည်း ငွေကြေးတန် ဖိုးများ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ လနှင့်နှိုင်းယှဉ်ပါက မလေးရှားရင်းဂစ်က ၈ ဒသမ ၃ ရာခိုင်နှုန်း၊ စင်ကာပူဒေါ်လာက ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ရူပီယာက ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ထိုင်းဘတ်က ၂  ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာကျပ်ငွေ တည်ငြိမ်နေခြင်းကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) များ ဝင်ရောက်ရန် အခွင့်အလမ်းသာနေပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၄၈ ဘီလျံအထိ စံချိန်တင် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ FDI စီးဝင်မှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၁ ဘီလျံ၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၁ ဘီလျံ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းက အမေရိကန်မှ မြန်မာနိုင်ငံကို ပိတ်ဆို့ထားသော အရေးယူမှုများကို ထပ်မံဖြေလျှော့ ပေးခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး လွှဲပြောင်းငွေများအတွက် အဆင်ပြေလာရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အထောက်အကူ ဖြစ်စေမည်ဟု UOB က သုံးသပ်သည်။
မြန်မာကျပ်ငွေသည် လက်ရှိ ၂၀၁၆ ခုနှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၁၅၀ ဝန်းကျင်ရှိမည်ဟု UOB က မျှော်မှန်းထားပြီး လာမည့်သုံးနှစ်အထိ ငွေလဲလှယ်မှုနှုန်းထား တည်ငြိမ်မည်ဟု ၎င်းက ခန့်မှန်းထားသည်။
Alvin Liew က “မြန်မာနိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနဲ့ တိုးတက်နှုန်းကို မြှင့်တင်နိုင်ဖို့အတွက် ဘတ်ဂျက်လိုငွေ ပြတာကို နည်းအောင် ပိုပြီးစီမံခန့်ခွဲနိုင်ဖို့လိုတယ်” ဟု သုံးသပ်ထားသည်။