မြန်မာနိုင်ငံသားများ အနေဖြင့် ဝင်ငွေမြင့်မားလာပါက စားသုံးလိုသည့်ဆန်မှာ ပေါ်ဆန်းမွှေးသာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းကို မြင့်မားသည်ဟု ယူဆသည့် လူဦးရေမှာ ၆၅ ဒသမ ၂၂ ရာခိုင်နှုန်းအထိ ရှိနေ

မြန်မာနိုင်ငံသားများ အနေဖြင့် ဝင်ငွေမြင့်မားလာပါက စားသုံးလိုသည့်ဆန်မှာ ပေါ်ဆန်းမွှေးသာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းကို မြင့်မားသည်ဟု ယူဆသည့် လူဦးရေမှာ ၆၅ ဒသမ ၂၂ ရာခိုင်နှုန်းအထိ ရှိနေ
Published 11 July 2016

မြန်မာနိုင်ငံသားများ အနေဖြင့် ဝင်ငွေမြင့်မားလာပါက စားသုံးလိုသည့်ဆန်မှာ ပေါ်ဆန်းမွှေးသာဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းကို မြင့်မားသည်ဟု ယူဆသူ အရေအတွက်မှာ ၆၅ ဒသမ ၂၂ ရာခိုင်နှုန်း အထိရှိနေကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်က ပြောကြားသည်။
“မြန်မာနိုင်ငံရဲ့ ဆန်စားသုံးမှုမှာ ဒေသအလိုက် ထုတ်လုပ်တဲ့ ဆန်တွေစားတဲ့အုပ်စု ရှိသလို မနောသုခ၊ ဇေယျာမင်း၊ ပေါ်ဆန်းကိုပဲ ကိုယ့်ဝင်ငွေအဆင့်အလိုက် စားသုံးကြတာ တွေ့ရတယ်။ တကယ်လို့များ ဝင်ငွေမြင့်တက်လာချိန်မှာ ဘယ်ဆန်ကို စားချင်လဲဆိုပြီး စစ်တမ်းကောက်ယူတော့ ပေါ်ဆန်းမွှေးကိုပဲ အများစုက စားချင်တယ်လို့ အဖြေထွက်တယ်။ ဒီတော့ မြန်မာနိုင်ငံက ပြည်သူတွေသာ တကယ်ဝင်ငွေ မြင့်လာရင် စပါးစိုက်ပျိုးသူတွေ အနေနဲ့ စပါးအမျိုးမျိုး စိုက်ဖို့လိုမှာ မဟုတ်တော့ဘဲ ပေါ်ဆန်းမွှေးကိုပဲ အဓိကစိုက်ဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်တွင်း ဆန်ဈေးကွက်မှာ လက်ရှိဖြစ်နေတဲ့ ဆန်ဈေးနှုန်းတွေဟာ ကြီးမြင့်နေသလားလို့ စစ်တမ်းကောက်ကြည့်တော့ ၆၅ဒသမ ၂၂ ရာခိုင်နှုန်းက ဈေးကြီးတယ်လို့မြင်ပြီး ၃၃ ဒသမ ၅၀ ရာခိုင်နှုန်းကပဲ သင့်တင့်တယ်လို့ မြင်တယ်။ ဒါဟာ တစ်နည်းအားဖြင့် ကြည့်မယ်ဆို ဆန်ဈေးကို မမှုတဲ့ လူတန်းစားဟာ ၃၃ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ယူဆနိုင်ပါတယ်” ဟု ဒေါက်တာသိင်္ဂီမြင့်က ပြောကြားသည်။
ဆန်ကို အဓိက စားသုံးသည့် မြန်မာနိုင်ငံတွင် ယခင်က အစားအစာအတွက် ဝင်ငွေအသုံးပြုရမှုများကို တွက်ချက်ထုတ်ပြန်မှုမျာ းရှိခဲ့ပြီး CSO က တွက်ချက်မှုများအရ ၁၉၈၉ ခုနှစ်တွင် ၇၃ ဒသမ ၀၄ ရာခိုင်နှုန်း၊ ၁၉၉၇ ခုနှစ်တွင် ၇၀ ဒသမ ၉၅ ရာခိုင်နှုန်း၊ ၂၀၀၁ ခုနှစ်တွင် ၇၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်တွင် ၆၄ ဒသမ ၀၆ ရာခိုင်နှုန်း၊ ၂၀၀၆ခုနှစ်တွင် ၇၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၁၂ ခုနှစ်တွင် ၆၃ ဒသမ ၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ စစ်တမ်း တွင်မူ ၅၁ ဒသမ၃၃ ရာခိုင်နှုန်းသာရှိတော့ သည့်အတွက် ဆင်းရဲမွဲတေမှု လျော့ကျလာသည်ဟု ဆိုနိုင်သော်လည်း အဆိုပါပမာဏထက် ဆက်လက်လျော့ကျရန် မျှော်လင့်ရမည် ဖြစ်ကြောင်း ဒေါက်တာသိင်္ဂီမြင့်က ပြော ကြားသည်။
“မြန်မာနိုင်ငံမှာ အစားအသောက်အတွက် သုံးစွဲမှုနဲ့ပတ်သက်ပြီး CSO က တွက် ထားတာက ၁၉၈၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ တွက်ထားမှုကို လေ့လာမယ်ဆိုရင် အ မြင့်ဆုံးက ဝင်ငွေရဲ့ ၇၃ဒသမ ၀၄ ရာခိုင်နှုန်း ကို အစားအသောက်အတွက် သုံးခဲ့ရတဲ့ ၁၉၈၉ ခုနှစ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဝင် ငွေရဲ့ ၆၃ ဒသမ ၅၁ ရာခိုင်နှုန်းကို အစားအ သောက်အတွက် သုံးခဲ့ရတယ်။ အခုကျတော့ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ စစ်တမ်းအရဆိုရင် ၅၁ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ အနည်းဆုံးတော့ ဝင်ငွေရဲ့ ထက်ဝက်ကျော်ကို အစားအစာအတွက် အသုံးပြုနေရတာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် အခြားတစ်ဖက်မှာ ဘာကိုသိနိုင်သလဲဆိုရင် ကျွန်မတို့နိုင်ငံမှာ အိမ်ထောင်စု အများအပြားဟာ အစားအသောက်အတွက် ထက်ဝက်ကျော် သုံးနေရတယ် ဆိုတာက သူတို့ဟာ ဆင်းရဲနေတုန်းပဲလို့ ပြောတာဖြစ်ပါတယ်။ လူတွေဟာ ဝင်ငွေမြင့်လာရင် အစားအသောက်အတွက် သုံးတာ နည်းသွားပြီး အစားအသောက်အတွက် သုံးသော ရာခိုင်နှုန်းနည်းသွားခြင်းဟာ ကောင်းသောညွှန်ပြချက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းနေပြီ။ ဒါ့ထက်နည်းဖို့တော့ မျှော်လင့်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသိင်္ဂီမြင့်က ပြောကြားသည်။
ထိုသို့ ဝင်ငွေ၏ ရာခိုင်နှုန်းအများစုကို အစားအစာအတွက် အသုံးပြုမှုများတွင် ဆန်အတွက် အသုံးပြုရမှုမှာ မြို့ပြတွင် ၁၀ ဒသမ ၄၅ ရာခိုင်နှုန်းသာ အသုံးပြုပြီး ကျေးလက်ဒေသများတွင် ဝင်ငွေ၏ ၁၅ ဒသမ ၁၃ ရာခိုင်နှုန်းကို ဆန်အတွက် အသုံးပြုနေရကြောင်း သိရှိရသည်။
“ငွ ၁၀၀ ရှိတိုင်း ဆန်အတွက် မြို့ပြမှာ ၁၀ ကျပ်နဲ့ ကျေးလက်မှာ ၁၅ ကျပ် သုံးနေရပြီး ပျမ်းမျှဆိုရင် တစ်ရာမှာ ၁၃ ကျပ်ကို ဆန်အတွက် သုံးနေရတယ်” ဟု ဒေါက်တာသိင်္ဂီမြင့်က ဆက်လက်ရှင်းလင်းသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းကောက်ယူခဲ့ပြီး အဆိုပါ ကောက်ယူ မှုစစ်တမ်းတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနမှ ဆရာ၊ ဆရာမများ စုပေါင်း၍ လုပ်ဆောင်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၅ ခုမှ ကျေးလက်ဒေသနေ တောင်သူအိမ် ထောင်စု ၁၇၁၀၊ မြေယာမဲ့ အိမ်ထောင်စု ၁၄၈၄ စုနှင့် မြို့နေအိမ်ထောင်စု ၁၉၃၈ စု၊ စုစုပေါင်း အိမ်ထောင်စု ၅၁၃၂ စုထံမှ စစ် တမ်းကောက်ယူခဲ့သည်။ စစ်တမ်းအတွက် ကောက်ယူခဲ့သည့် လူဦးရေ အရေအတွက် မှာ ၂၄၂၁၁ ဦးအထိရှိခဲ့ကြောင်း ဒေါက်တာ သိင်္ဂီမြင့်က ရှင်းလင်းပြောကြားသည်။